နိုင်ငံ့ဝန်ထမ်းများဆန္ဒ အဆိုပြုခွင့်ပေးမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော

နိုင်ငံ့ဝန်ထမ်းများဆန္ဒ အဆိုပြုခွင့်ပေးမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော

၂၀၁၆ ခုနှစ်ကစတင်ကာ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ပါတီ အစိုးရလက်ထက်တွင် နိုင်ငံ့ဝန်ထမ်းများ၏
ဆန္ဒများကို အဆိုပြု ခွင့်ပေးမည်ဟု ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။

အဆိုပါ ၀န်ထမ်းများအဆိုပြုခွင့်နှင့် ပတ်သက်ပြီး ၎င်းက စဉ်းစားထားခြင်းဖြစ်သည်ဟု ဒီဇင်ဘာ
၁၇ ရက် ညနေ ၃ နာရီ အချိန်ခန့်တွင် နေပြည်တော်စည်ပင် ဧည့်ရိပ်သာရှိ ၀န်ထမ်းများနှင့် တွေ့ဆုံပွဲ၌
ပြောကြားခဲ့သည်။

"ဌာနတွေ၊ ဘာတွေ ပြန်ပြင်ပြီးတဲ့အခါမှာ ၀န်ထမ်းတွေကို အဆိုပြုပိုင်ခွင့်ပေးမယ်၊ ဘယ်မှာ လုပ်ချင်လဲ
ဆိုတာကိုပေါ့" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

သို့သော်လည်း ၀န်ထမ်းများအနေဖြင့် လုပ်ချင်တိုင်း လုပ်၍ရမည်မဟုတ်ဘဲ သက်ဆိုင်သည့်
အရည်အချင်းရှိရန် လိုအပ်သည်ဟုလည်း ၎င်းက ဆိုသည်။

"ဘာမှ ပညာရေးအကြောင်း နားမလည်ဘဲနဲ့ ပညာရေးဌာနကို ပို့ပေးပါဆိုရင်တော့ မရဘူး၊ ကိုယ့်ရဲ့
ကျွမ်းကျင်ရာ၊ ကျွမ်းကျင်ရာပေါ့လေ၊ အဲဒီလို ရွေးပိုင်ခွင့်အတိုင်းအတာ တစ်ခုအထိပေးမှာပါ၊ ဒါမှမဟုတ်
အချိန်ရှိတယ်၊ အခြေအနေပေးတယ်ဆိုရင် ကျွမ်းကျင် မှုမရှိသေးရင်တောင်မှ ကျွမ်းကျင်မှုရအောင်
လုပ်ပေးနိုင်တဲ့ အခါမှာတော့ လုပ်ပေးမယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

၀န်ထမ်းများအနေဖြင့် အလုပ်တွင် ကျေနပ်မှုရှိမှသာ ထိရောက်မည်ဖြစ်ပြီး ကြိုးစားကြရန်လည်း
၎င်းက အားပေးစကား ပြောကြားခဲ့သည်။

"ကြိုးစားကြပါ၊ ဘာမှ စိတ်မပူပါနဲ့၊ ကျွန်မ အဖွဲ့ချုပ်က ကိုယ်စားလှယ်တွေကိုလည်း ကြောက်စရာ
မလိုပါဘူး၊ ပြောစရာရှိရင် ပြောလို့ရပါတယ်" ဟု ဒေါ်အောင်ဆန်းစု ကြည်က ပြောသည်။

ထို့ပြင် ၀န်ထမ်းများကို စိတ်အေးချမ်းစွာနေကြရန်နှင့် အင်န်အယ်လ်ဒီအစိုးရက အုပ်ချုပ်သည့်
ကာလအတွင်း အလုပ်ဖြုတ်၊ ထုတ်ခြင်းများ ပြုလုပ်မည် မဟုတ်ကြောင်းလည်း ၎င်းက
ကတိပြုပြောကြားသည်။

"ကျွန်မတို့ ဖြုတ်၊ ထုတ်၊ သတ် ဆိုတာ လုံးဝ ၀ါသနာမပါဘူး၊ ဒီဟာတွေကလည်း ဘယ်သူ့ကိုမှ
အကျိုးမပြုဘူး၊ ပွင့်ပွင့်လင်းလင်း ပြောနိုင်တယ်၊ ကျွန်မတို့ အမြဲနားထောင်မယ်၊ သဘောတူတဲ့
အခါလည်း သဘောတူတယ်၊ သဘောမတူတဲ့အခါလည်း သဘောမတူဘူး ပေါ့နော်၊ ဒါကတော့
တစ်ယောက်နဲ့ တစ်ယောက်အမြင်ချင်းကတော့ တူတာ မဟုတ်ဘူး၊ ဒါပေမဲ့ အများအတွက်
ကောင်းမယ်ထင်တာကို ကျွန်မတို့ ကြိုးစားဖို့ လိုတယ်" ဟု အင်န်အယ်လ်ဒီပါတီ ဥက္ကဋ္ဌက
ပြောကြားသည်။

တစ်ဦးချင်းစီကို နိုင်ငံအကျိုးအတွက် မည်သည်ကို လုပ်ပေးနိုင်မည့် အရည်အချင်းရှိသည်ကို ကြည့်ရန်
အချိန်ရှိကြောင်း၊ ထို အရည်အချင်းကို အကောင်းဆုံးအဖြစ် အသုံးပြုမည်ဖြစ်ကြောင်းနှင့်
အကောင်းဆုံးအသုံးပြုရန်လည်း ကိုယ်တိုင်ကြိုးစားကြရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

"အလုပ်ဖြုတ်တာတွေ၊ ထုတ်တာတွေ မလုပ်ဘူးဆိုတာ အင်န်အယ်လ်ဒီက တကယ် အစိုးရဖြစ်လာမှ
သိရမှာပါ၊ အဲဒါအပေါ် မူတည်တယ်၊ တကယ်ပြောတဲ့အတိုင်းဆိုရင်တော့ ကောင်းတာပေါ့၊ ဒါပေမဲ့
လောလောဆယ် သူတို့က အစိုးရမဖြစ်သေးဘူးလေ" ဟု ပြည်ထဲ ရေးဝန်ကြီးဌာနမှ ၀န်ထမ်းတစ်ဦးက
ယခုလ ၂၀ ရက်က မြန်မာတိုင်း(မ်)ကို ပြောသည်။

နေပြည်တော်စည်ပင်ဧည့်ရိပ်သာမှ ၀န်ထမ်းများနှင့် တွေ့ဆုံပွဲတွင် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ
သူရဦးရွှေမန်းလည်း ပါ၀င်ခဲ့ပြီး ဒုတိယအကြိမ်လွှတ်တော် အစည်းအဝေးသို့ တက်ရောက်မည့်
ကိုယ်စားလှယ်များ နေထိုင်ရေးကိစ္စများကို ဆွေးနွေးခဲ့သည်။

"မြန်မာနိုင်ငံမှာ ဆိုရှယ်လစ်ခေတ်ကနေ စပြီး အခုအစိုးရလက်ထက်အထိ ၀န်ထမ်းတွေ
ဖောင်းပွနေတယ်၊ ခေတ်စနစ်အနေအထား အရတော့ လက်ခံပါတယ်၊ ဒေါ်စုပြောတာ လက်ခံပါတယ်၊
ဒါပေမဲ့ အချိန်ကာလတစ်ခုမှာတော့ ၀န်ထမ်းတွေ အသစ်ခန့်ဖို့ လိုလာမယ်၊ ဖြည်းဖြည်းချင်းလည်း
လျှော့သွားနိုင်တယ်" ဟု လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာနမှ ၀န်ထမ်းတစ်ဦးက
မြန်မာတိုင်း(မ်)ကို သုံးသပ်ပြောသည်။

၀န်ထမ်းအသစ်များခေါ်ယူခြင်းနှင့် ပတ်သက်ပြီး ဒီဇင်ဘာလဆန်းပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာနက
ဦးရေ သုံးထောင်ခန့်ကိုလည်းကောင်း၊ နယ်စပ်ရေးရာဝန်ကြီး ဌာနက ဦးရေ နှစ်ထောင်ခန့်ကို
လည်းကောင်း ခေါ်ယူခဲ့သည်။

"မလိုလားအပ်တဲ့ ရုံးလုပ်ငန်းဌာနတွေ၊ ဌာနခွဲတွေ ဖြုတ်ချဖို့လိုတယ်၊ မလိုအပ်တဲ့ ၀န်ကြီးဌာနတွေ
ကိုလည်း ဖြုတ်ချဖို့ လိုတယ်၊ နောက်ပြီး မလိုအပ်တဲ့ ဘတ်ဂျက်တွေလည်း ဖြုတ်ဖို့ လိုပါတယ် " ဟု
အထက်ပါ ၀န်ထမ်း တစ်ဦးက ပြောသည်။

၀န်ကြီးဌာနများအသီးသီးရှိ ၀န်ထမ်းများ ခန့်ထားခြင်းတွင် ကာကွယ်ရေးဝန်ကြီးဌာန ပြီးလျှင်
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ၀န်ထမ်းဦးရေအများဆုံး ဖြစ်သည်။

ပို့ဆောင်ရေးဝန်ကြီးဌာနမှ ၀န်ထမ်းတစ်ဦးဖြစ်သူ ဦးမင်းမင်းထွန်းက "အစိုးရသစ် တက်လာရင်
၀န်ထမ်းတွေကို ဖြုတ် ထုတ် သတ် မလုပ်လောက်ပါဘူး၊ ဘာကြောင့်လဲဆိုတော့ အစိုးရနိုင်ငံ့
၀န်ထမ်းတွေ ဖြစ်လို့ပါပဲဆိုသလို ၀န်ထမ်းနည်းဥပဒေဆိုတာလည်း ရှိပြီးသားပါ၊ ပြီးတော့ နိုင်ငံ့ဝန်ထမ်း
တွေဆိုတာကလည်း နိုင်ငံယန္တရားကြီး လည်ပတ်ဖို့ကို တစ်ထောင့်တစ်နေရာကနေ ဆောင်ရွက်နေသူ
တွေပါ၊ ရှေ့က ဦးဆောင်မောင်းနှင်သူတွေမှ မဟုတ်တာ ဆိုလိုတာကတော့ နိုင်ငံရေးဆောင်ရွက်နေတဲ့
၀န်ကြီးတွေ၊ ဒုတိယဝန်ကြီးတွေ ဦးဆောင်ပြီး သွားရာနောက်ကို အဆင်ပြေချောမွေ့စေရေး
ဆောင်ရွက်ပေးရသူကိုးဗျ၊ နိုင်ငံရေးနဲ့ ရောက်လာသူတွေက နိုင်ငံအတွက်အလုပ် လုပ်သူတွေ
ရောက်လာပြီး ဒါကို လိုက်ပါတာ မရှိ၊ သွေဖည်နေရင်တော့ ၀န်ထမ်းတွေကို ဖြုတ်ရင်တော့
ဖြုတ်စမ်းပါစေ လက်ခံရမှာပေါ့ဗျာ၊ မူမကောင်း မူပြောင်း၊ လူမကောင်း လူပြောင်းပေါ့ဗျာ၊
လက်မခံနိုင်စရာ မရှိဘူးဗျ" ဟု မြန်မာတိုင်း(မ်)ကို ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး