အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များကို စွမ်းရည်မြှင့်သင်တန်းပို့ချ

အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များကို စွမ်းရည်မြှင့်သင်တန်းပို့ချ

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီက အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် ပါတီ လွှတ်တော်
ကိုယ်စားလှယ်များကို ဒီဇင်ဘာ ၁၆ ရက်က စတင်ကာ နေပြည်တော်၊ ရွှေစံအိမ်ဟိုတယ်တွင်
စွမ်းရည်မြှင့် သင်တန်းကို ပို့ချပေးလျက်ရှိသည်။

"ဒါက ဒေါ်အောင်ဆန်းစုကြည် လမ်းညွှန်ချက်ကြောင့် လုပ်ရတာပေါ့၊ လုပ်သင့်တဲ့ ကိစ္စပါပဲ၊
ကိုယ်စားလှယ်တွေ လွှတ်တော် တက်ရတော့မှာလေ၊ အဲဒါကြောင့် လွှတ်တော်မတက်ခင်
သိသင့်သိထိုက်တာတွေကို သိထားရအောင်၊ ကျွမ်းကျင်သင့်ရင် ကျွမ်းကျင်ရမယ့် အကြောင်းအရာတွေ
ကျွမ်းကျင်ရအောင်လို့ သင်တန်းပေးတာပါ" ဟု သင်တန်းတာဝန်ခံ ဦးမျိုးရန်နောင်သိမ်း က
မြန်မာတိုင်း(မ်)ကို ပြောသည်။

ယခုပို့ချနေသည့် သင်တန်းသည် ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ လမ်းညွှန်ချက်အရ
ပြုလုပ်ရသည့် သင်တန်းပထမ အသုတ်တွင် နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့်
ရှမ်းပြည်နယ်တို့ရှိ အနိုင်ရလွှတ်တော်ကိုယ်စားလှယ်ဦးရေ ၁၇၀ ခန့်ကိုလည်းကောင်း၊ ဒီဇင်ဘာ
၂၀ ရက်တွင်လည်း စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ကယားပြည်နယ်တို့ရှိ
လွှတ်တော်ကိုယ်စားလှယ်များကိုလည်းကောင်း သင်ကြားပို့ချ ပေးသွားမည်ဖြစ်သည်။

သင်တန်းဖြစ်မြောက်စေရန် အေဂျီဒီဘဏ်က အဓိကကူညီပံ့ပိုးပေးခြင်းဖြစ်ပြီး ရန်ကုန်နှင့်
ပြည်မြို့များတွင်လည်း ဆက်လက် ပြုလုပ်သွားမည်ဟု သိရသည်။

"ရွေးချယ်ခံ ကိုယ်စားလှယ်တွေက နိုင်ငံရေးအကြောင်းအရာတွေ၊ စီးပွားရေးအကြောင်း အရာတွေ၊
ဖက်ဒရယ်အကြောင်းအရာတွေကို တချို့တွေက သိတယ်၊ တချို့တွေက မသိဘူး၊ အခုသင်တန်းကလည်း
လွှတ်တော် ကိုယ်စားလှယ်တစ်ဦးချင်းကို စွမ်းရည်မြှင့်ပေးတဲ့ သင်တန်းပါ" ဟု ပါတီ၏
ဗဟိုသုတေသနလမ်းညွှန် အတွင်းရေးမှူးဖြစ်သူ ဦးမျိုးရန်နောင်သိမ်းက ပြောသည်။

၎င်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက အောင်မြင်စွာ အစိုးရဖွဲ့စည်းနိုင်ရေးအတွက် ယခုကဲ့သို့
အထောက်အကူပြုလုပ်ငန်းများကို ဆက်လုပ်သွားမည်ဟုလည်း ထည့်သွင်းပြောကြားသည်။

"ပို့ချတာကတော့ ဥပဒေနဲ့ဆိုင်တဲ့ ကိစ္စတွေ၊ လွှတ်တော်နဲ့ ဆိုင်တဲ့ကိစ္စတွေကို ဘက်စုံ၊ ထောင့်စုံက
ပို့ချပေးရမှာပဲ" ဟု ဦးမျိုးရန်နောင်သိမ်းက ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ၂၀၁၀ ပြည့်နှစ်က အနိုင်ရရှိခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်
များသည် အတွေ့ အကြုံရှိသူများဖြစ်ပြီး ယခုနှစ်ရွေးကောက်ပွဲတွင် အနိုင်ရရှိသည့် ကိုယ်စားလှယ်
များမှာ အတွေ့အကြံုနည်းသော်လည်း လူငယ်အများစု ပါ၀င်နေသည်မှာ ကွာခြားချက်
တစ်ခုဖြစ်သည်ဟုလည်း ၎င်းက သုံးသပ် ပြောကြားခဲ့သည်။

ပါတီအနေဖြင့် ပြီးခဲ့သည့် ပထမအကြိမ် လွှတ်တော်မကျင်းပမီ ကာလကလည်း လွှတ်တော်
ကိုယ်စားလှယ်များ စွမ်းရည် မြှင့်သင်တန်းကို ပို့ချပေးခဲ့ပြီး ယခုပို့ချခြင်းသည် ဒုတိယအကြိမ်မြောက်
ဖြစ်သည်။

"အခုလို ပို့ချပေးတာ ကျွန်တော်တို့လို အတွေ့အကြံုနည်းတဲ့ ကိုယ်စားလှယ် အသစ်တွေအတွက်
အများကြီး ကောင်းပါတယ်၊ အကျိုးအများကြီးရှိပါတယ်" ဟု ရှမ်းပြည်နယ်မှ အမည်မဖော်လိုသူ
လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက မြန်မာတိုင်း(မ်)ကို ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး