နေပြည်တော်တွင် ဒေါ်အောင်ဆန်းစုကြည် နှင့် တိုင်းရင်းသားအဖွဲ့ရှစ်ဖွဲ့ တွေ့ဆုံ

နေပြည်တော်တွင် ဒေါ်အောင်ဆန်းစုကြည် နှင့် တိုင်းရင်းသားအဖွဲ့ရှစ်ဖွဲ့ တွေ့ဆုံ

ရွေးကောက်ပွဲအနိုင်ရရှိပြီး အစိုးရအဖွဲ့တာဝန် လွှဲပြောင်းရယူရန် ပြင်ဆင်လျက်ရှိသော
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် နေပြည်တော် လွှတ်တော်ဝင်း၊
အဆောင်(၁၂)တွင် တိုင်းရင်းသားအဖွဲ့ရှစ်ဖွဲ့က တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။

ထိုသို့ တွေ့ဆုံဆွေးနွေးခဲ့ကြရာတွင် အဖွဲ့ချုပ်ပါတီက တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး
စာချုပ်တွင် မည်သည့်အတွက်ကြောင့် ပါ၀င်လက်မှတ်မရေးထိုးခဲ့ကြောင်းကို အဓိကရှင်းလင်း
ပြောကြားခဲ့ခြင်းဖြစ်ကြောင်း အထက်ပါဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သူ ပအိုဝ်းအမျိုးသား
လွတ်မြောက်ရေးအဖွဲ့က ဦးခွန်မြင့်ထွန်းက ပြောကြားသည်။

"ဒါဘာလဲဆိုရင် တိုင်းရင်းသားတွေအချင်းချင်းကြားမှာ နားလည်မှုလွဲမှာစိုးတဲ့အတွက်၊ တိုင်းရင်းသား
အချင်းချင်းကြားမှာ နားလည်မှု မလွဲစေချင်တဲ့အတွက် လက်မှတ်မရေးထိုးခဲ့တဲ့အကြောင်း
အဓိကထားပြီး ကျွန်တော်တို့ကို ရှင်းပြခဲ့တာဖြစ်ပါတယ်"ဟု ၎င်းက ပြောကြားသည်။

ထို့ပြင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် အားလုံးပါ၀င် ပူးပေါင်းဆောင်ရွက်မှသာ အောင်မြင်မည်
ဖြစ်သောကြောင့် အားလုံး ပါ၀င်လာရေးအတွက် ဒေါ်အောင်ဆန်းစုကြည်က အဓိကထား
ပြောကြားခဲ့သည်ဟုဆိုသည်။

"ကျွန်တော့်အနေနဲ့ကတော့ ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့အတိုင်း အားလုံးပါ၀င် လက်တွဲပြီးတော့
ငြိမ်းချမ်းရေးဖြစ်စဉ်ကို အောင်မြင်အောင် ဆောင်ရွက်နိုင်မယ်လို့ ယုံကြည်ပါတယ်" ဟုလည်း
ဦးခွန်ထွန်းမြင့်က ဆက်လက်ပြောကြားသည်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (ပီအင်န်အယ်လ်အို)အပါအဝင် ကရင်အမျိုးသားအစည်းအရုံး
(ကေအန်ယူ)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (ကေအင်န်ယူ/ကေအင်န်အယ်လ်အေ)၊ရှမ်းပြည်ပြန်လည်
ထူထောင်ရေးကောင်စီ (အာရ်စီအက်စ်အက်စ်/ အက်စ်အက်စ်အေ)၊ ဒီမိုကရေစီအကျိုးပြုကရင့်
တပ်မတော် (ဒီကေဘီအေ)၊ ချင်းအမျိုးသားတပ်ဦး (စီအင်န်အက်ဖ်)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ
(အေအယ်လ်ပီ)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး
(အေဘီအက်စ်ဒီအက်ဖ်)တို့က တာဝန်ရှိသူများက ဒီဇင်ဘာ ၁၇ ရက် တွေ့ဆုံပွဲသို့
တက်ရောက်ကြသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် ဒီဇင်ဘာ ရ ရက်ကလည်း လွှတ်တော်တွင်း
ရောက်ရှိနေသော တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်များနှင့် နေပြည်တော်ရှိ
စည်ပင်ဧည့်ရိပ်သာတွင် တွေ့ဆုံခဲ့သည်။

ထိုသို့ တွေ့ဆုံရာတွင် လက်ရှိအစိုးရလက်ထက် စတင် ဆောင်ရွက်ခဲ့သော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို
ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး ထာဝရငြိမ်းချမ်းရေး ရရှိသည်အထိ ဆောင်ရွက်သွားမည်
ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂)တွင် ဒီဇင်ဘာ ၁၆ ရက်က
ပြုလုပ်ခဲ့သည့် နိုင်ငံရေး ဆွေးနွေးမူဆိုင်ရာမူဘောင်ကို နိုင်ငံတော် သမ္မတထံ ပေးအပ်ခြင်း
အခမ်းအနားတွင်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဦးဉာဏ်ဝင်းက "အင်န်အယ်လ်ဒီက
ဒီငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ဘယ်တော့မှ နောက်မဆုတ်ပါဘူး။ အခုပါလာတာက အင်န်အယ်လ်
ဒီကနေ ထူးထူးခြားခြား ထုတ်ဖော်ပြသဖို့လည်း မဟုတ်ပါဘူး။ ပူးပေါင်းဆောင်ရွက်ဖို့ပါ"ဟု
မီဒီယာများကို ပြောကြားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး