ကာ / လုံအစည်းအဝေးတွင် နိုင်ငံတော်သမ္မတကို မဲပေးခွင့်မပြုသည့် ဥပဒေကြမ်းဖြန့်

ကာ / လုံအစည်းအဝေးတွင် နိုင်ငံတော်သမ္မတကို မဲပေးခွင့်မပြုသည့် ဥပဒေကြမ်းဖြန့်

နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတနှစ်ဦး၊ လွှတ်တော်ဥက္ကဋ္ဌနှစ်ဦး၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊
ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အပါအဝင် ကာကွယ်ရေး၊ နိုင်ငံခြားရေး၊ ပြည်ထဲရေး၊
နယ်စပ်ရေး ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးများဖြင့် စုစုပေါင်း ၁၁ ဦးသာ ပါ၀င်သော
အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီတွင် နိုင်ငံတော်သမ္မတကို ဆန္ဒမဲပေးခွင့်ပြုမထားသည့်
ဥပဒေကြမ်းကို လွှတ်တော်ကိုယ်စားလှယ်များထံ ဖြန့်ဝေထားသည်။

'အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီဥပဒေကြမ်း'ဟု အမည်တပ်ထားသော
အဆိုပါဥပဒေကြမ်းသည် ယခင်နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက်
၂၀၁၀ ပြည့်နှစ်၊ အောက်တိုဘာ ၂၁ ရက်က ပြဋ္ဌာန်းခဲ့သည့် ပြည်ထောင် စုအစိုးရအဖွဲ့ ဥပဒေတွင်
ပါ၀င်သည့် ပြဋ္ဌာန်းချက်တစ်ရပ်ကို ဥပဒေကြမ်းတစ်ခုအဖြစ် ပြန်လည် ရေးဆွဲလာခြင်းဖြစ်ကြောင်း
တစ်သီး ပုဂ္ဂလ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ပြောသည်။

ပြည်ထောင်စု အစိုးရအဖွဲ့ဥပဒေ၊ ပုဒ်မ ၁၀(က)တွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ
ဖွဲ့စည်းခြင်းဟု ပြဋ္ဌာန်းထားပြီး သမ္မတ၊ ဒုတိယသမ္မတနှစ်ဦး၊ လွှတ်တော် ဥက္ကဋ္ဌနှစ်ဦး၊ တပ်ချုပ်၊
ဒုတိယတပ်ချုပ်၊ ကာကွယ်ရေး၊ နိုင်ငံခြားရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေးရာဝန်ကြီးများဖြင့်
စုစုပေါင်း ၁၁ ဦးကိုပင် ကောင်စီတွင်ဖွဲ့စည်းရန် ပြဋ္ဌာန်းထားသည်။

ယင်းပြဋ္ဌာန်းချက်အရ ကောင်စီအစည်းအဝေများတွင် သမ္မတကို ဆန္ဒမဲပေးခွင့်
တားမြစ်ကန့်သတ်ထားကြောင်း မတွေ့ရှိရသော်လည်း အသစ်ရေးဆွဲ တင်ပြလာသော
ဥပဒေကြမ်းတွင်မူ သမ္မတသည် ဆန္ဒမဲပေးခွင့်မရှိကြောင်း ဖော်ပြသည်။

"ကောင်စီသည် ဆုံးဖြတ်ချက်များ ချမှတ်ရာ၌ ကောင်စီဝင်များအားလုံး သဘောတူညီစွာဖြင့် ဆန္ဒပြုမှုကို
အလေးထားဆောင်ရွက်ရမည်ဖြစ်ပြီး သဘောထားကွဲလွဲမှုရှိပါက များရာဆန္ဒဖြင့် ချမှတ်ရမည်။
ဆန္ဒမဲယူရာ၌ နိုင်ငံတော်သမ္မတသည် ဆန္ဒမဲမပေးရ။ ဆန္ဒမဲ တူညီနေမှသာ နိုင်ငံတော်သမ္မတသည်
အဆုံးအဖြတ်မဲပေးရမည်။ သို့ရာတွင် ခြွင်းချက်၊ သို့မဟုတ် သဘောကွဲလွဲချက်များ ရှိပါက ထိုခြွင်းချက်၊
သို့မဟုတ် သဘောကွဲလွဲချက်များကို ရေးသားဖော်ပြ၍ သက်ဆိုင်ရာ ကောင်စီဝင်ကို
လက်မှတ်ရေးထိုးစေပြီး မှတ်တမ်းတွင် ပူးတွဲဖော်ပြနိုင်သည်"ဟု ဥပဒေကြမ်းတွင် ဖော်ပြထားသည်။

ယင်းဖော်ပြချက်သည် နောင်တက်မည့် အစိုးရအဖွဲ့အတွက် အမျိုးသားကာကွယ်ရေး နှင့်
လုံခြံုရေးကောင်စီ အစည်းအဝေးတွင် ဆန္ဒမဲလက်မှတ်တစ်ခု ဆုံးရှုံးသွားနိုင်သည့်
ဖော်ပြချက်ဖြစ်ကြောင်း ဦးဖုန်းမြင့်အောင်က ပြောကြားသည်။

"အရင်ကတော့ ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေထဲက ပြဋ္ဌာန်းချက်ပုဒ်မတစ်ခုအနေနဲ့ သွားတယ်။
အခုကျတော့ အဲဒါကို ဥပဒေ (မူကြမ်း)တစ်ခုအနေနဲ့ ဆွဲလိုက်တဲ့အခါကျတော့ သမ္မတကို
သဘာပတိနေရာမှာ ထိုင်ရမယ်။ မဲမပေးနဲ့လို့ အဓိပ္ပာယ်ရတယ်"ဟု ၎င်းကမြန်မာတိုင်း(မ်)ကို
ဒီဇင်ဘာ ၂၃ ရက်တွင် ပြောသည်။

ထိုကဲ့သို့ သမ္မတကို မဲပေးခွင့်မပြုတော့ခြင်းဖြင့် ကာ/လုံအစည်းအဝေးတွင် သမ္မတ ဦးဆောင်သော
အစိုးရအဖွဲ့ထက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဘက်က မဲပေးနိုင်သည့် အရေအတွက်
ပိုများသွားမည်ဟုဆိုသည်။

"သမ္မတဘက်ကဆိုရင် ဒုတိယသမ္မတ တစ်ဦးရယ်၊ လွှတ်တော်ဥက္ကဋ္ဌ နှစ်ဦးရယ်၊ နိုင်ငံခြားရေး
၀န်ကြီးရယ် လေးမဲပဲ ရှိတော့မယ်။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဘက်ကကျတော့
သူကိုယ်တိုင်ရယ်၊ သူက ခန့်အပ်ရတဲ့ ဒုတိယသမ္မတရယ်၊ ဒုတိယတပ်ချုပ်ရယ်၊ ကာကွယ်ရေး၊
ပြည်ထဲရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးတွေ ပါမယ်ဆိုတော့ ခြောက်မဲပေးနိုင်ခွင့်ရှိတယ်" ဟု
၎င်းက ရှင်းလင်းပြောကြားခဲ့သည်။

ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ အစိုးရဖွဲ့နိုင်သော အနိုင်ရပါတီသည် ကာ/လုံဖွဲ့စည်းရာတွင် ပါ၀င်နိုင်သော
နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတ တစ်ဦး၊ လွှတ်တော်ဥက္ကဋ္ဌ နှစ်ဦးနှင့် နိုင်ငံခြားရေး ၀န်ကြီးတို့ဖြင့်
စုစုပေါင်းငါးဦးကိုသာတင် မြှောက်နိုင်သည်။

သို့သော်လည်း ဥပဒေကြမ်းပါ ဖော်ပြချက်အရ သမ္မတသည် မဲပေးခွင့် မရနိုင်တော့သောကြောင့်
စုစုပေါင်းလေးမဲသာပေးခွင့်ရှိတော့မည် ဖြစ်သည်။

ဥပဒေကြမ်းပါ ကောင်စီ၏ လုပ်ငန်းတာဝန်များ ဖော်ပြချက်အရ ကောင်စီသည် နိုင်ငံတော်
ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ပြည်တွင်းပြည်ပကိစ္စရပ်များကို ဆွေးနွေးခြင်းဖြင့် ကောင်စီဝင်များက
အခြေအနေကို အချိန်နှင့် တစ်ပြေးညီသိရှိထားပြီး လိုအပ်သည့် အခါဆုံးဖြတ်ချက်များ ချမှတ်ပေးခြင်း၊
နိုင်ငံတော် လုံခြုံရေးနှင့် ကာကွယ်ရေးတွင် ပြည်သူ တစ်ရပ်လုံးပါ၀င်ရေးအတွက်
စီမံဆောင်ရွက်ခွင့်ပြုရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သဘောတူညီချက်တောင်းခံလာလျှင်
အဆုံးအဖြတ်ပေးခြင်း၊ ဥပဒေကဲ့သို့အာဏာ တည်သည့် အမိန့်ထုတ်ပြန်၍ အရေးပေါ် အခြေအနေ
ကြေညာနိုင်ရန် နိုင်ငံတော် သမ္မတကညှိနှိုင်းလာလျင် အဆုံးအဖြတ်ပေးခြင်း၊ တပ်မတော်ကာကွယ်ရေး
ဦးစီးချုပ်ကို နိုင်ငံတော်အာဏာလွှဲအပ်ဆောင်ရွက်စေရာတွင် သတ်မှတ်အချိန်ကာလ တိုးမြှင့်ပေးရန်
အကျိုးအကြောင်း ဖော်ပြလျက်တင်ပြလာသဖြင့် သာမန်အားဖြင့် တစ်ကြိမ်လျှင် ခြောက်လအထိ
နှစ်ကြိမ်တိုးမြင့်ပေးရန် နိုင်ငံတော် သမ္မတကညှိနှိုင်းလာလျင် အဆုံးအဖြတ်ပေးခြင်း စသည်ဖြင့်
အရေးကြီးသော အဆုံးအဖြတ်များ ဆောင်ရွက်ရန်ဖော်ပြထားသည်။

ယင်းဥပဒေကြမ်းကို လက်ရှိကျင်းပလျက်ရှိသော လွှတ်တော်အစည်းအဝေးအတွင်း အတည်ပြုနိုင်၊
မပြုနိုင်မှာမူ မပြောနိုင်သေးပေ။

"ဒီဥပဒေကြမ်းလွှတ်တော်ထဲ ၀င်လာပြီဆိုကတည်းက ဒါလုပ်ရတော့မယ်။ ပြီးမပြီးတော့
ကြိုမပြောနိုင်ဘူး"ဟု ဦးဖုန်းမြင့်အောင် ကပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး