စွမ်းအင်၊ သတ္တုတွင်းနှင့် သစ်တောရေးရာဝန်ကြီးဌာနများ၏ ရငွေသုံးငွေတင်ပြချက် လျှော့ချရန်မရှိ

စွမ်းအင်၊ သတ္တုတွင်းနှင့် သစ်တောရေးရာဝန်ကြီးဌာနများ၏ ရငွေသုံးငွေတင်ပြချက် လျှော့ချရန်မရှိ

လာမည့် အစိုးရသစ်လက်ထက်တွင်ကိုင်တွယ် ကျင့်သုံးရမည့် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်၏
ရငွေ သုံးငွေများနှင့် ပတ်သက်ပြီး ပြည်ထောင်စု လွှတ်တော်က အုပ်စုများခွဲကာ စိစစ်လျက်ရှိရာ
စွမ်းအင်ဝန်ကြီးဌာန၊ သတ္တုတွင်းဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ
၀န်ကြီးဌာနတို့၏ တင်ပြထားချက်များကို လျှော့ချဖြတ်တောက်ရန် မရှိကြောင်း အမျိုးသားလွှတ်တော်
ကိုယ်စားလှယ် ဦးစောတော်ပလဲက ပြောသည်။

စိစစ်ရေးပူးပေါင်းအဖွဲ့(၁၄)သည် အဆိုပါ ၀န်ကြီးဌာန သုံးခုကို ပြီးခဲ့သည့်ဒီဇင်ဘာ ၂၉ ရက်နေ့တွင်
တွေ့ဆုံညှိနှိုင်းဆွေးနွေးပြီးနောက် အထက်ပါအတိုင်းဖြတ်တောက်ရန် မရှိကြောင်းတွေ့ရှိခဲ့ရသည်ဟု
၎င်းက ပြောကြားခြင်းဖြစ်သည်။

"၀န်ကြီးဌာနသုံးခုစလုံးနဲ့တွေ့ပြီးပြီ။ ၂၉ ရက်နေ့က ညှိနှိုင်းဆွေးနွေးခဲ့တယ်။ တွေ့ဆုံမှုအရ သူတို့
တင်ပြထားတဲ့ ရငွေသုံးငွေတွေ အပေါ်မှာ လျှော့ချဖို့ဖြတ်တောက်ဖို့ မလိုဘူး ဆိုတာတွေ့ရှိခဲ့တယ်"ဟု
၎င်းက ပြောသည်။

လာမည့်ဘဏ္ဍာနှစ်အတွက် အသုံးစရိတ် များတင်ပြထားရာတွင် စွမ်းအင်ဝန်ကြီးဌာနက
သာမန်အသုံးစရိတ် ကျပ် ၂ ဒသမ ၄၄၈ ထရီလျံ၊ ငွေလုံးငွေရင်းအသုံးစရိတ် ၄၄ ဘီလျံ ဖြင့်
စုစုပေါင်း၂ ဒသမ ၄၉၂ ထရီလျံကို တောင်းခံထားသည်။

သတ္တုတွင်းဝန်ကြီးဌာနသည် သာမန်အသုံးစရိတ်ကျပ် ၁၃၈ ဘီလျံခန့်၊ ငွေလုံးငွေရင်း အသုံးစရိတ်
ကျပ် ၁၅၄ သန်းဖြင့် စုစုပေါင်းကျပ် ၁၃၈ ဒသမ ၃၆၄ ဘီလျံ တောင်းခံထားသည်။

ထို့ပြင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာ ၀န်ကြီးဌာနကလည်း သာမန်အသုံးစရိတ်
ကျပ် ၂၄၁ ဒသမ ၂၇၉ ဘီလျံ၊ ငွေလုံးငွေရင်း အသုံးစရိတ်ကျပ် ၃ ဘီလျံဖြင့် စုစုပေါင်း ၂၄၄ ဒသမ
၃၂၂ ဘီလျံ ကို တောင်းခံထားသည်။

အထက်ပါ တောင်းခံထားသည့် အသုံးစရိတ်ပမာဏများသည် ဘဏ္ဍာရေးဝန်ကြီးဌာနက
သတ်မှတ်ထားသော အသုံးစရိတ် ပမာဏမူဘောင်၏ အောက်တွင်သာရှိကြောင်းလည်း
ဦးစောတော်ပလဲက ပြောသည်။

သူရဦးရွှေမန်းသည် လာမည့်ဘဏ္ဍာနှစ်အတွက် တင်ပြလာသော စီမံကိန်းများ၊ရငွေ သုံးငွေများအပေါ်
လက်ရှိလွှတ်တော်သက်တမ်းအတွင်း အချိန်မီ အတည်ပြုနိုင်ရန်အတွက် ၀န်ကြီးဌာနအလိုက် စိစစ်မည့်
စိစစ်ရေး ပူးပေါင်းအဖွဲ့ ၁၉ ဖွဲ့ကို ဒီဇင်ဘာ ၁၇ ရက်နေ့က ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်သည်။

ကျန်သည့် စိစစ်ရေးအဖွဲ့များသည်လည်း သက်ဆိုင်ရာ ၀န်ကြီးဌာနများနှင့် တွေ့ဆုံညှိနှိုင်းပြီး
ဖြစ်နိုင်ကြောင်း၊ သို့သော်လည်း လျှော့ချဖြတ်တောက်ရန် တွေ့ရှိခြင်းရှိမရှိကိုမူ မပြောနိုင်သေးကြောင်း
ဦးစောတော်ပလဲ ကဆက်လက်ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး