မတူကွဲပြားမှုကို အင်အားအဖြစ် ပြောင်းလဲရမည်ဟု သမ္မတပြောကြား

မတူကွဲပြားမှုကို အင်အားအဖြစ် ပြောင်းလဲရမည်ဟု သမ္မတပြောကြား

မြန်မာနိုင်ငံအတွင်း စစ်မှန်သည့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက်
မတူကွဲပြားမှုကို အင်အားအဖြစ် ပြောင်းလဲ ရယူရမည်ဟု (၆၈) နှစ်မြောက် လွတ်လပ်ရေးနေ့
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ သဝဏ်လွှာတွင် ဖော်ပြထားသည်။

"ပြည်ထောင်စုအတွင်း မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားများအားလုံး စစ်မှန်တဲ့
ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် မတူကွဲပြားမှုများကို အင်အားအဖြစ်
ပြောင်းလဲရယူပြီး ညီညွတ်မှုကို ကြိုးပမ်းဖော်ဆောင်ကြရမှာ ဖြစ်ပါတယ်"ဟု ၂၀၁၆ ခုနှစ်၊
ဇန်နဝါရီ ၄ ရက်တွင် ကျရောက်သည့် (၆၈)နှစ်မြောက်လွတ်လပ်ရေးနေ့ အခမ်းအနား၌
ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက အထက်ပါ သဝဏ်လွှာကို ဖတ်ကြားသည်။

ဖက်ဒရယ်စနစ်အခြေခံသော ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အဖြစ် ကမ္ဘာ့အလယ်တွင်
၀င့်ထည်စွာ ရပ်တည်နိုင်ရန်အတွက် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု
မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး၊ စစ်မှန်သော ထာဝရငြိမ်းချမ်းရေး၊
နိုင်ငံတော်အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်ကာ အဓွန့်ရှည်တည်တံ့ခိုင်မြဲရေးတို့ကို
တိုင်းရင်းသား ပြည်သူအပေါင်းက လက်တွဲညီညီ ထိန်းသိမ်း စောင့်ရှောက်ကြရမည် ဖြစ်သည်ဟုလည်း
၎င်းက ဆိုသည်။

ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လမ်းကြောင်းမှန်ပေါ်တွင် ဆက်လက်ရှင်သန်နိုင်ရန် တိုင်းရင်းသား၊
ပြည်သူ နှင့် တပ်မတော်တို့ တစ်သားတည်း ပူးပေါင်းဝိုင်းဝန်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊
မြန်မာနိုင်ငံတော်၏ လွတ်လပ်လုံခြံုစွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရအဖွဲ့သာမက နိုင်ငံရေး
အင်အားစုများ ဖြစ်သည့် လွှတ်တော်များ၊ နိုင်ငံရေးပါတီများ၊ တပ်မတော်နှင့် ပြည်သူတစ်ရပ်လုံး
ပါ၀င်မှသာ အောင်မြင်မှု ရရှိမည်ဖြစ်ကြောင်း သဝဏ်လွှာတွင် ဖော်ပြထားသည်။

"တွေ့ကြံုနေရတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ကျော်လွှားနိုင်ဖို့ နိုင်ငံရေးအင်အားစုများအားလုံး
ညီညီညွတ်ညွတ် ကြိုးပမ်းဆောင်ရွက်ကြဖို့ တိုက်တွန်းလိုပါတယ်"ဟု ဒေါက်တာစိုင်းမောက်ခမ်းက
ဖတ်ကြားသည်။

စစ်မှန်သော ထာဝရငြိမ်းချမ်းရေး ရရှိရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အခြေအနေကောင်းများ၊
အလားအလာကောင်းများ ပေါ်ထွန်းနေပြီဖြစ်ရာ တိုင်းရင်းသား ညီရင်းအစ်ကို မောင်ရင်းနှမများအားလုံး
စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ပေးကြရန် လိုအပ်သည်ဟုလည်း ပါရှိသည်။

လက်ရှိအချိန်အခါတွင် နိုင်ငံတော်က ဒီမိုကရေစီနိုင်ငံအဖြစ် အသွင်ကူးပြောင်းရန် ပထမအဆင့်အဖြစ်
ဒီမိုကရေစီ အကြိုပြင်ဆင်မှုအနေဖြင့် ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ရေးဆွဲပြဋ္ဌာန်းနိုင်ခဲ့ခြင်း၊
၂၀၁၀ ပြည့်နှစ် ပါတီစုံရွေးကောက်ပွဲကျင်းပပြီး ပထမဦးဆုံး လွှတ်တော်နှင့် အစိုးရဖွဲ့စည်းနိုင်ရန်
ပြင်ဆင်ပေးခြင်းနှင့် ၂၀၁၅ ခုနှစ်တို့တွင် ဒုတိယအကြိမ် ပါတီစုံအထွေထွေရွေးကောက်ပွဲပြီး
ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ရောက်ရှိစေရန် ပြင်ဆင်ပေးခြင်းတို့ကို လည်းကောင်း၊
ဒုတိယအဆင့်အဖြစ် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးလုပ်ငန်းများကို ညင်သာချောမွေ့ အောင်မြင်စွာ
အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်သဖြင့် နိုင်ငံတကာအသိအမှတ်ပြုမှုများနှင့် မြန်မာနိုင်ငံနှင့်
နိုင်ငံတကာဆက်ဆံရေး သိသာထင်ရှားစွာ ပြောင်းလဲတိုးတက်ခဲ့ခြင်းကိုလည်းကောင်း၊
တတိယအဆင့်အဖြစ် ဒီမိုကရေစီ ရှင်သန်ဖွံ့ဖြိုးရင့်ကျက်ခိုင်မာသည့် အဆင့်သို့ ကူးပြောင်းနိုင်ရေး
အတွက် ပြည်တွင်းပြည်ပ ပဋိပက္ခများနှင့် တိုင်းရင်းသား လူမျိုးစု ပြဿနာများစသော စိန်ခေါ်မှုများကို
တွေ့ဆုံ ဆွေးနွေးညှိနှိုင်းခြင်းဖြင့် အဖြေရှာခြင်းတို့ကိုလည်းကောင်း စသည်ဖြင့် အဆင့် သုံးဆင့်
ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်ဟု သဝဏ်လွှာတွင် ထည့်သွင်း ဖော်ပြထားသည်။

ထို့ပြင် နိုင်ငံရေးယဉ်ကျေးမှုအသစ်အရ တွေ့ဆုံဆွေးနွေးညှိနှိုင်းခြင်း၏ အကျိုး ကျေးဇူးတစ်ခုအနေဖြင့်
အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့ဖြင့် အောင်မြင်စွာ
လက်မှတ်ရေးထိုးနိုင်ခဲ့ပြီဟုလည်း သဝဏ်လွှာတွင်ပါရှိသည့် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ
အစိုးရ အုပ်ချုပ်စဉ် ငါးနှစ်သက်တမ်းကာလအတွင်း ဆောင်ရွက်ချက်များကို ဒေါက်တာစိုင်းမောက်ခမ်းက
ဖတ်ကြားသည်။

"ကျန်ရှိနေသေးတဲ့ အဖွဲ့များနဲ့ လက်မှတ်ရေးထိုးနိုင်ဖို့ လမ်းစဖော်ထားပြီး ဖြစ်ပါတယ်၊ ဒါဟာ
နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ယုံကြည်မှု ပိုမိုတိုးတက်လာစေတဲ့ အောင်မြင်သော စွမ်းဆောင်ရည်
တစ်ရပ်ဖြစ်ပါတယ်"ဟု ၎င်းက ဆိုသည်။

(၆၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံ လွှင့်တင်ခြင်းကို နံနက် ၄ နာရီ၊ ၂၀ မိနစ်အချိန် နှင့်
အခမ်းအနားကို နံနက် ရ နာရီအချိန်တို့တွင် နေပြည်တော်၊ မြို့တော်ခန်းမရှေ့ မျက်နှာစာ၌
ကျင်းပခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး