ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် ကြိုတင်မဲပုံးများကို သယ်ဆောင်သွားသည်ဟူသော စွပ်စွဲချက်ဖြင့်
ပြည်ထောင်စုကြ့ံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဘက်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီဘက်သို့
တရားစွဲဆိုထားသော်လည်း တရားလိုပြသက်သေဖြစ်သူကမူ ယင်းသို့သယ်ဆောင်သွားသည့်
မဲပုံးများမှာ ပါကင်(ထုပ်ပိုးမှု) ပျက်ယွင်းခြင်းမရှိဟု ဇမ္ဗူ သီရိမြို့နယ်တရားရုံးမှ တရားသူကြီးရှေ့ တွင်
ထွက်ဆိုသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၈ ရက်တွင် နေပြည် တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိ မြို့နယ် မဲဆန္ဒနယ်၌
ပါဝင်ယှဉ်ပြိုင်ခဲ့သည့် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်းဖြစ်သူ ဆက်သွယ်ရေးဝန်ကြီး
ဦးမြတ်ဟိန်း၏ ရွေးကောက်ပွဲ ကိုယ်စားလှယ် ဦးဝင်းဌေးက တရားလိုအဖြစ် တရားစွဲဆိုခဲ့ခြင်းဖြစ်
သည်။
စွပ်စွဲခံရသူ လေးဦးအနက် သဲကြီးကုန်းအုပ်စု၊ ဂုဏ်မင်းအင်းရွာမှ မနိုင်နိုင်မော်က ''နိုဝင်ဘာ ၈ ရက်
က ကြိုတင်မဲပုံးတွေ ကားပေါ်တင်ပြီး သယ်သွားတယ်ဆိုပြီး ကျွန်မတို့ကို တရားစွဲတာ။ မြို့နယ်
ကော်မရှင် လူကြီး က ကားပေါ်လိုက်ချင်တဲ့လူလိုက်ဆိုပြီး ပြော လို့ ကျွန်မတို့ရဲ့ တာဝန်အရ ကား
ပေါ်တက်လိုက်သွားတာကို ကျွန်မတို့က မဲပုံးတွေ သယ်သွားပါတယ်ဆိုပြီး တရားစွဲတာပါ''ဟု
ပြောသည်။
ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၅၈ (ဃ) ဖြင့် တရားစွဲဆိုထားခြင်းဖြစ်ပြီး အဆိုပါ
အမှုကို ဇန်နဝါရီ ၆ ရက်က ဇမ္ဗူသီရိမြို့နယ်တရားရုံးတွင် ဒုတိယအကြိမ် မြောက် တရားလိုပြ
သက်သေ ရပ်၊ကျေး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိ သူကို စစ်ဆေးခဲ့သည်။
ယင်းသို့ စစ်ဆေးစဉ်တရားလိုပြသက်သေ က အထက်ပါ ရွေးကောက်ပွဲ ကော်မရှင်က တာဝန်ရှိသူ
ဦးဝင်းကြည်သယ်ဆောင် သွားသည့် ကြိုတင်မဲပုံးများမှာ ထုပ်ပိုးထားသည့် ပါကင် အရာမယွင်းခဲ့
ကြောင်း၊ ဖွင့် ဖောက်ထားခြင်းမရှိကြောင်း ထွက်ဆိုခဲ့သည် ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊
ဥပဒေ အထောက်ကူပြုအဖွဲ့က အထက်တန်း ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောသည်။
ကြိုတင်မဲပုံးများကို သယ်ယူပို့ဆောင်မည့် ကားကို တရားလိုပြသက်သေဖြစ်သူ ဦးဝင်းကြည်က
ငှားရမ်းခဲ့ခြင်းဖြစ်ပြီး ကြိုတင် မဲပုံးငါးပုံးကို ဇမ္ဗူသီရိမြို့နယ် အခြေခံပညာ အထက်တန်းကျောင်း
အမှတ်(၆) ဆီသို့ သယ်ယူခဲ့ခြင်းဖြစ်သည်။
''ကားကို ကျွန်မတို့ ငှားခဲ့တာလည်း မဟုတ်ဘူး။ ကားသမားနဲ့လည်း မသိဘူး။ ကားကလည်း
ကားသမားက သူ့သဘောနဲ့သူ မောင်းထွက်သွားတာပါ။ ကျွန်မတို့က မောင်းခိုင်းတာမဟုတ်ဘူး''
ဟု စွပ်စွဲခံရသူ မနိုင်နိုင်မော်က ဆိုသည်။
''ဒီနေ့ ရပ်ကျေးကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးဝင်းကြည်ကို စစ်တယ်။ တရားလိုပြ သက်သေအဖြစ်
အစစ်ခံတာပေါ့။ အစစ်ခံတဲ့အချိန်မှာ ဒီကားကို သူကိုယ်တိုင် ငှားခဲ့တယ်။ ပြီးတော့ ကားပေါ်မှာ
ပါသွားတဲ့ အစွပ်စွဲခံရတဲ့သူတွေက ဒီကားကို သူတို့ မောင်းထွက်ခိုင်းလိုက်တာ မဟုတ်ဘူးဆိုတာ
ကိုလည်း အစစ်ခံခဲ့တယ်။ နောက်ပြီးတော့ ဒီမဲပုံးတွေကို ကြည့်တဲ့အခါ မှာလည်း ခြေရာလက်ရာ
မပျက်ဘူး။ ဖွင့်ဖောက်ထားခြင်း မရှိဘူး။ ချိပ်ပိတ်ထား တယ်ဆိုပြီးတော့လည်း ထွက်ဆိုထားတယ်။
သူထွက်ဆိုခဲ့သလောက်ဆိုရင် ဒီအမှုမှာ စွပ်စွဲခံရသူတွေ အပြစ်ကျူးလွန်ခြင်း မရှိတာ
ပေါ်လွင်တယ်။ ဒီနေ့တစ်ယောက်ပဲ စစ်ဖြစ်တယ်။ ၂ဝ ရက်နေ့ ပြန်ချိန်းထားတယ်''ဟု
အထက်တန်းရှေ့နေ ဒေါ်မင်းမင်းစိုးက သတင်းထောက်များကို ဇန်နဝါရီ ၆ ရက်က
အကြောင်းပြန်ပြောသည်။
အထက်ပါအမှု သည် ကြိုတင်မဲပုံး ငါးပုံး ကို နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊
ဘောဂသိဒ္ဓိရပ်ကွက် မဲရုံအမှတ်(၇၊ ၈၊ ၉၊ ၁ဝ)မှ ဇမ္ဗူသီရိမြို့နယ် အခြေခံပညာအထက်တန်းကျောင်း
အမှတ်(၆) ဆီသို့ ရပ်ကျေး ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ၏ ခွင့်ပြုချက်မရှိဘဲ အစွပ်စွဲခံရသူများက
ကားဖြင့် သယ်ယူခဲ့သည်ဟု တိုင်ကြားထားခြင်းဖြစ်သည်။
















