အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ဇန်နဝါရီ ၁၀ ရက်က ပါတီ၏
ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များနှင့် အစိုးရဖွဲ့စည်းရေး ဆွေးနွေးကြသည်။
နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်အတွင်းရှိ ၎င်းနေထိုင်သည့် နှင်းဆီစံအိမ်တွင် မွန်းလွဲ ၁ နာရီ
အချိန်က စတင်ကာ ညနေ ၄ နာရီ အချိန်အထိ ဆွေးနွေးခဲ့သည်။
"ကျွန်တော်တို့ အစိုးရဖွဲ့စည်းရေးကိစ္စ တွေ ဆွေးနွေးခဲ့ကြတယ်၊ ဆုံးဖြတ်ချက်ကတော့
မရှိသေးပါဘူး" ဆုံးဖြတ်ချက်မရှိသေးတော့ အသေးစိတ်တော့ မပြောနိုင်သေးပါဘူး။ ကျွန်တော်တို့
နောက်တစ်ကြိမ် အစည်းအဝေးအတွက် အခက်အခဲအများကြီးရှိတယ်။ ကျွန်တော်တို့
အခုဆုံးဖြတ်လို့ မရသေးဘူး။ နှစ်ပတ်တစ်ခါ အစည်းအဝေးလုပ်တယ်။ နောက်တစ်ချိန်
နှစ်ပတ်ဆိုရင် အရမ်းအလုပ်ရှုပ်တယ်၊ အဲဒါဘာ လုပ်ရမှန်းမသိသေးဘူး။ နီးတော့မှ ကျွန်တော်တို့
ဆုံးဖြတ်ချက် ချရမယ်" ဟု ဗဟိုအလုပ်အမှုဆောင် ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက
ဆွေးနွေးပွဲအပြီး သတင်းထောက်များကို ပြောသည်။
အစည်းအဝေးအတွက် အခက်အခဲဆိုသည်မှာ အစိုးရအဖွဲ့တွင် ထည့်သွင်းရန် လူရွေးပြီးပါက
မိမိသဘောနှင့် ရွေး၍မရဘဲ ကာယကံရှင်၏ သဘောတူညီချက်လည်း ပါရှိရမည်ဖြစ်သည်ဟု
၎င်းက ပြောကြားသည်။
"အခက်အခဲက လူရွေးပြီးရင် လူတိုင်းကို ရွေးပြီးတော့ ကိုယ့်သဘောနဲ့ကိုယ် ရွေးလို့မရဘူး၊ သူ့ရဲ့
သဘောတူညီချက်လည်းလိုတယ်။ ကျွန်တော်တို့ မပြည့်စုံသေးဘူး၊ ဒါကြောင့် ဆုံးဖြတ်ချက်
မချသေးဘူး၊ ရွေးပြီဆိုရင်လည်း ကာယကံရှင်ရဲ့ သဘောတူညီချက်လည်းပါရမယ်"ဟု
ဦးဉာဏ်ဝင်းက ပြောကြားသည်။
ယခုပြုလုပ်ခဲ့သည့် အင်န်အယ်လ်ဒီပါတီ ၏ အစိုးရဖွဲ့စည်းရေး၊ ဗဟိုအလုပ်အမှုဆောင်
အစည်းအဝေးသို့ အဖွဲ့ဝင်များဖြစ်ကြသည့် ဦးဉာဏ်ဝင်း၊ ဦးဝင်းထိန်၊ ဦးအုန်းကြိုင်၊
ဦးထွန်းထွန်းဟိန်၊ ဒေါက်တာဇော်မြင့်မောင်၊ ဒေါက်တာဒေါ်မေဝင်းမြင့်၊ ဒေါ်နန်းခင်ထွေးမြင့်၊
ဒေါ်ခင်ဌေးကြွယ်နှင့် အရန်အဖွဲ့ ၀င်ဖြစ်သူ ဦးမန်းဂျော်နီတို့ဖြင့် ၁၄ ဦး တက်ရောက်ကြသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အစိုးရဖွဲ့စည်းရေးအပေါ် မလိုအပ်ဘဲ ဝေဖန်ခြင်း၊ ထင်မြင်ချက်
ပေးခြင်းများ ဖြစ်မည်ကို စိုးရိမ်သည့်အတွက် လိုအပ်၍ လျှို့ဝှက်ထားရခြင်းဖြစ်ပြီး တရားဝင်
ကြေညာသည့်အချိန် အထိသည်းခံ၍ စောင့်ကြရန်နှင့် အစိုးရဖွဲ့ စည်းရေး၌ ၀န်ကြီးနေရာ
လျှောက်ထားသူများ အလွန်များပြားလျက်ရှိပြီး စိတ်ပျက်စရာ အခြေအနေနှင့် ကြံုနေရသည်ဟု
ဦးဝင်းထိန်က ယခုလ ပထမပတ်အတွင်းက အာရ်အက်ဖ်အေသတင်းဌာနနှင့် အင်တာဗျူးတွင်
ပြောကြားထားသည်။

















