အကြမ်းဖက်တိုက်ခိုက်မှုများ ဖြေရှင်းရေး အတွက် အရေးကြီးသော မြို့ကြီးသုံးမြို့တွင် ခေတ်မီလက်နက်
ကိရိယာများ တပ်ဆင်ထားသည့် အကြမ်းဖက်မှု နှိမ်နင်းရေး တပ်ဖွဲ့စုများကို အထူးလေ့ကျင့်ဖွဲ့စည်းကာ
တာဝန်များ ချထားပြီးဖြစ်သည်ဟု ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်က
ပြောသည်။
"နေပြည်တော်၊ ရန်ကုန်၊ မန္တလေးတို့တွင် အရေးကြီးနေရာအဖြစ် သတ်မှတ်ထားပြီး အထူး
လေ့ကျင့်ပေးထားတဲ့၊ ခေတ်မီလက်နက် ကိရိယာတွေ တပ်ဆင်ထားတဲ့ အကြမ်းဖက်မှု နှိမ်နင်းရေး
တပ်ဖွဲ့စုတွေကို ဖွဲ့စည်းတာဝန် ချထားပြီး ဖြစ်ပါတယ်"ဟု ဒုတိယဝန်ကြီးက ဇန်နဝါရီ ၁၃ ရက်က
ကျင်းပသည့် အမျိုးသား လွှတ်တော်တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
ကမ္ဘာတစ်လွှား၌ အစွန်းရောက်အကြမ်းဖက် တိုက်ခိုက်ရေးသမားများက ပြည်သူများ စုဝေးရာ
နေရာများ၌ အကြောင်းမဲ့ ၀င်ရောက် တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူအများအပြား သေကျေ
ပျက်စီးရသည့် ဖြစ်ရပ်များ ပေါ်ပေါက်နေသဖြင့် ထိုသို့ အစွန်းရောက် အကြမ်းဖက်သမားများ
၀င်ရောက်ခြင်း ကိစ္စမျိုးအတွက် ကြိုတင်ကာကွယ်ရေးအစီအစဉ်များ၊ စောင့်ကြပ်ကြည့်ရှုသည့်စနစ်နှင့်
အရေးပေါ်ကိစ္စများ ပေါ်ပေါက်ပါက အမြန်ဆုံး တုံ့ပြန်ဆောင်ရွက်နိုင်မည့် အစီအစဉ်များနှင့် စပ်လျဉ်း၍
ပြည်ထဲရေးဝန်ကြီးဌာနက မည်သို့ ဆောင်ရွက်ထားရှိသနည်းဟု ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်
အမှတ်(၆) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ရီက မေးမြန်းခဲ့သည်။
ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်က နိုင်ငံတော်အနေဖြင့် အကြမ်းဖက်တိုက်ခိုက်မှု အန္တရာယ်ကို
ထိရောက်စွာ ကြိုတင်ကာကွယ်ရေးအတွက် သတင်းရဲတပ်ဖွဲ့၌ အကြမ်းဖက်မှု တိုက်ဖျက်ရေးဌာန
(Counter Terrorism Department) အဖြစ် ဖွဲ့စည်း၍ ကယ်ဆယ်ရေး၊ ချေမှုန်းရေးဆောင်ရွက်နိုင်ရန်
စုဖွဲ့ ပြင်ဆင်လေ့ကျင့်စေပြီး တာဝန်ထမ်းဆောင်စေလျက်ရှိကြောင်း ဖြေကြားသည်။
ထို့ပြင် လုံခြံုရေးဆောင်ရွက်ရန်နှင့် အရေးပေါ်အခြေအနေတွင် အချိန်မီဖြေရှင်းရန်အတွက် လုံခြံုရေး
ရဲကွပ်ကဲမှုအဖွဲ့လေးဖွဲ့၊ လုံခြံု ရေးရဲကွပ်ကဲမှုအဖွဲ့ခွဲ ၁၂ ခု၊ လုံခြံုရေးရဲတပ် ဖွဲ့ခွဲ ၂၇ ခု၊ နယ်ခြားစောင့်
ရဲကွပ်ကဲမှုအဖွဲ့ တစ်ဖွဲ့၊ နယ်ခြားစောင့်ရဲကွပ်ကဲမှု အဖွဲ့ခွဲ လေးခုတို့ကို ဖွဲ့စည်းထားရှိခြင်း၊
တိုင်းဒေသကြီး။ ပြည်နယ်များတွင် လုံခြံုရေးတပ်ခွဲ သုံးခွဲစီ၊ ခရိုင်တစ်ခုလျှင် လုံခြံုရေးတပ်ခွဲ
တစ်ခွဲစီဖွဲ့စည်းထားပြီး မြို့နယ်အဆင့်အနေဖြင့် တပ်ဖွဲ့ဝင်အင်အား၏ ၃၀ ရာခိုင်နှုန်းကို ရုံးတာဝန်၊
၂၀ ရာခိုင်နှုန်းကို ပုံမှန်လုံခြံုရေး၊ ၃၀ ရာခိုင်နှုန်း ကို တည်ငြိမ်အေးချမ်းရေး(အသင့်)၊ ၂၀ ရာခိုင် နှုန်းကို
တရားဥပဒေစိုးမိုးရေး(အရန်) ဖြင့် စုဖွဲ့ထားရှိပါကြောင်းလည်း ဖြေကြားသည်။
နေပြည်တော်၊ ရန်ကုန်၊ မန္တလေးတို့ကို အရေးကြီးနေရာအဖြစ် သတ်မှတ်၍ အထူးလေ့ကျင့်ပေးထားပြီး
ခေတ်မီလက်နက် ကိရိယာများ တပ်ဆင်ထားသည့် အကြမ်းဖက်မှု နှိမ်နင်းရေးတပ်ဖွဲ့စုများကို ဖွဲ့စည်း
တာဝန်ချထားပြီးဖြစ်ပါကြောင်း၊ အရေးကြီး အဆောက်အအုံ၊ ဘာသာရေးအဆောက်အအုံ၊
စက်ရုံအလုပ်ရုံ၊ တံတားများ၏ လုံခြံုရေးများကို စီမံချက်ရေးဆွဲ၍ လုံခြံုရေးတာဝန် ထမ်းဆောင်လျက်
ရှိပါကြောင်း ဆက်လက် ဖြေကြားသည်။
နိုင်ငံတကာ အကြမ်းဖက်မှု သတင်းများကို အချိန်နှင့် တပြေးညီ သိရှိနိုင်ရေးအတွက် Interpol၊
Aseanapol အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများ၊ အိမ်နီးချင်းနိုင်ငံများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့်
ချိတ်ဆက် သတင်းဖလှယ်ခြင်းများကို ဆောင်ရွက်နေပြီး နိုင်ငံတကာ အကြမ်းဖက်မှုများနှင့်
ပတ်သက်၍ အင်တာနက်သတင်းများ၊ သတင်းဌာနများ၏ အသံလွှင့်ချက်များမှတစ်ဆင့် သတင်းများ
စုဆောင်းပြုစုခြင်း၊ Open Sources Media များမှ အကြမ်းဖက်မှုဖြစ်စဉ်နှင့် ပတ်သက်သည့်
သတင်းစုဆောင်းခြင်းများ ပြုလုပ်ကာ စိစစ်သုံးသပ်လျက် ကြိုတင်ကာကွယ်ရေး အစီအမံများ
ဆောင်ရွက်လျှက်ရှိကြောင်း၊ အကြမ်းဖက်မှုများကို အချိန်နှင့် တစ်ပြေးညီ တုံ့ပြန်နိုင်ရန်အတွက်
ဗဟိုအဆင့်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်အဆင့်များ အွန်လိုင်းစနစ်ဖြင့် ချိတ်ဆက်ထားသော
အမျိုးသားအဆင့်အရေးပေါ် စီမံခန့်ခွဲရေး ဗဟိုဌာနကို ၂၀၁၄ ခုနှစ်တွင် နေပြည်တော်၌
ထူထောင်ထားပြီး ယူရို ၁၀ သန်းတန်ဖိုးရှိ သတင်းနည်းပညာသုံးအဆင့်မြင့် အထောက်အကူပြု
ပစ္စည်းကိရိယာများကို တပ်ဆင်အသုံးပြုလျက်ရှိပါကြောင်း ဖြေကြားသည်။
အရေးပေါ် အခြေအနေများ ဖြစ်ပေါ်လာပါက စီမံခန့်ခွဲနိုင်ရန်အတွက် အမျိုးသား အဆင့်အရေးပေါ်
စီမံခန့်ခွဲမှုဗဟိုကော်မတီ ကို ဒုတိယသမ္မတဥက္ကဋ္ဌအဖြစ် ပါ၀င်ဖွဲ့စည်းခဲ့ပြီး လုပ်ငန်းကော်မတီကို
ပြည်ထဲရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌ အဖြစ် အဖွဲ့ဝင် ၁၂ ဦး ပါ၀င်ဖွဲ့စည်းခဲ့ပြီး
အလားတူ ပြည်နယ်/တိုင်းဒေသကြီးအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ကော်မတီ အသီးသီးကို
ဖွဲ့စည်းထားရှိပြီး ဖြစ်ပါကြောင်း ဖြေကြားသည်။
နိုင်ငံတော်အတွင်း အကြမ်းဖက်မှု အခြေအနေများ ကြံုတွေ့လာပါက အမြန်ဆုံး ပြန်လည်
တုံ့ပြန်နိုင်ရန်အတွက် တွေ့ကြံုလာနိုင်သည့် အခြေအနေများကို ခန့်မှန်း၍ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခြင်း၊
ဓာတုလက်နက်ဖြင့် တိုက်ခိုက်မှု ဖြစ်ပွားခြင်း၊ လက်နက် ကိုင်စွဲလျက် ပစ်ခတ်မှုဖြစ်ပွားလာခြင်းနှင့်
လူထုအမြောက်အမြား ထိခိုက်ဒဏ်ရာရရှိခြင်းတို့အတွက် ဆောင်ရွက်ရမည့် စီမံချက်များကို ရေးဆွဲပြီး
ဇာတ်တိုက်ထားပြီးဖြစ်ကြောင်း ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်က ပြောသည်။
















