ဇန်နဝါရီ ၁၂ ရက် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံဖွင့်ပွဲအခမ်းအနား၌ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်
ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ထည့်သွင်းပြောကြားခဲ့သော ၂၁ ရာစုနှင့် ကိုက်ညီသည့်
ပင်လုံညီလာခံ ဖြစ်ပေါ်လာရေးကိစ္စကို ယုံကြည်သည်ဟု တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့က
မြန်မာတိုင်း(မ်)ကို ပြောသည်။
"ငြိမ်းချမ်းရေးညီလာခံကို ပင်လုံကဲ့သို့ ညီလာခံဖြစ်အောင် ၂၁ ရာစုလည်း ရောက်လာပြီဆိုတော့
ပင်လုံစိတ်ဓာတ်၊ ပင်လုံမူကို ပြန်ကောက်ပြီးတော့ ပြည်ထောင်စု စစ်စစ်ပေါ်စေချင်ရင် လက်ငုတ်
လက်ရင်း ပင်လုံကိုကိုင်၊ ပြီးရင် ညီလာခံကနေတစ်ဆင့် ပင်လုံကဲ့သို့ ကျယ်ပြန့်တဲ့ ပြည်ထောင်စု
အဆင့်အားလုံးပါတဲ့ ညီလာခံကြီးလုပ်ပြီးတော့မှ ပြည်ထောင်စုကြီးတည်ဆောက်မယ်ဆိုတာ
ဒုတိယပင်လုံပဲခေါ်ခေါ်၊ ၂၁ ရာစု ပင်လုံပဲခေါ်ခေါ် ရည်မှန်းချက်ကတော့ အတူတူပဲ။ ၂၁ ရာစုကဲ့သို့
ညီလာခံက ထွက်လာတဲ့ ရလဒ်ကလည်းပဲ ပြည်ထောင်စု စစ်စစ်(ခေါ်) ဖက်ဒရယ်ပြည်ထောင်စု
တည်ဆောက်ရေးပဲဖြစ်မယ်။ ကျွန်တော်တို့က ယုံကြည်တယ်" ဟု PNLO နာယက ဦးခွန်ဥက္ကာက
ငြိမ်းချမ်းရေးညီလာခံ ဒုတိယနေ့အပြီးတွင် မြန်မာတိုင်း(မ်)ကို ပြောသည်။
ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံအနေဖြင့် ကတိကဝတ် ပင်လုံမူများကို ပြန်လည် ဆုပ်ကိုင်
လိုက်မည်ဆိုပါက ပင်လုံညီလာခံကဲ့သို့ ဖြစ်လာမည်ဟု ယုံကြည်သည်ဟုလည်း ၎င်းက ဆိုသည်။
"ဒါပေမဲ့ မူတွေတော့တူပေမယ့် အနေအထားတော့ ကွာတာပေါ့ဗျာ။ ပင်လုံတုန်းကတော့
သီးခြားနယ်မြေကြီးတွေက လာပေါင်းပြီးတော့ နောင်ဖြစ်လာမယ့် အတူတကွ နေထိုင်ခြင်း
(Coming Together) ပုံစံမျိုးနဲ့ဗျ။ အခုကျတော့ နှစ်ပေါင်း ၆၀ ကျော် အတူတကွ နေလာပြီးတော့
အတူတူစုပေါင်းနေထိုင်သည်ဆိုတဲ့ (Holding Together) အခြေအနေအောက်မှာ တန်းတူညီတူ
အခွင့်အရေးနဲ့ ဆက်လက်နေထိုင်မယ်။ ပြည်ထောင်စုပုံစံကို အတူတူနေထိုင်ရင်းနဲ့ ဖော်သွားမယ်ဆိုတဲ့
အခြေအနေ ရောက်လာလိမ့်မယ်။ အဲဒီအနေအထားမှာ ၂၁ ရာစုပင်လုံလို့ခေါ်ပေမယ့် ပေါင်းစည်းပုံ
ပေါင်းစည်းနည်းကတော့ မတူတော့ဘူးပေါ့ဗျာ၊ နည်းနည်းကွာမယ်။ ဒါပေမဲ့ အခြေခံချထားတဲ့ မူနဲ့
ဦးတည်ချက်ကတော့ တူလိမ့်မယ်လို့ ကျွန်တော်ယုံကြည်တယ်" ဟု ဦးခွန်ဥက္ကာက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်က အထက်ပါ ညီလာခံဖွင့်ပွဲအခမ်းအနားတွင် "ကျွန်မတို့ ဟာ ၂၁ ရာစုနဲ့
ကိုက်ညီမှု ရှိတဲ့ ပင်လုံညီလာခံမျိုးကို မျှော်လင့်ပါတယ်"ဟု ပြောသည်။
ထိုကဲ့သို့ ပြောဆိုခဲ့ခြင်းမှာ မတရား အသင်းက ပယ်ဖျက်ပြီးဖြစ်သည့် အဖွဲ့ အစည်းများနှင့်
မတရားအသင်းက မပယ်ရသေးသည့် အဖွဲ့များအကြား နားလည်မှုရှိနေသည်ကို ထောက်ပြသွားခြင်း
ဖြစ်သည်ဟု ဦးခွန်ဥက္ကာက သုံးသပ်သည်။
ထို့ပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့ဖြစ်သည့် RCSS/ SSA မှ အကြံပေး ဖြစ်သူ
ဦးစိုင်းစိုင်းငင်းက "၂၁ ရာစုနဲ့ ကိုက်ညီတဲ့ ပင်လုံညီလာခံမျိုးဖြစ်ဖို့က တကယ်တမ်း အခုသွားနေတဲ့
ငြိမ်းချမ်းရေးညီလာခံမှာ အားလုံးပါ၀င်နိုင်ရေးအတွက် တဖြည်းဖြည်းချင်းနဲ့ ပုံဖော်တည်ဆောက်
သွားမယ်ဆိုရင်တော့ မျှော်မှန်းထားတဲ့ ခေတ်စနစ်နဲ့ ကိုက်ညီတဲ့ ပင်လုံညီလာခံမျိုး
ဖြစ်လာနိုင်ပါတယ်" ဟု မြန်မာတိုင်း(မ်)ကို ပြောသည်။
ယခုပြုလုပ်သည့် ညီလာခံသို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့က အခြေ အနေအကြောင်း
အရပ်ရပ်ကြောင့် မတက်ရောက်နိုင်ဟု အကြောင်းပြန်ခဲ့သော်လည်း နောင်တစ်ချိန် အခွင့်အခါ
သင့်တဲ့အခါတွင် ဖြည်းဖြည်းချင်း ပြန်လည်ပါ၀င်လာမည်ဟု မျှော်လင့်ထားကြောင်း ၎င်းက ဆိုသည်။
"အမျိုးသားအဆင့် တကယ့်ညီလာခံကြီး ဖြစ်ဖို့ဆိုရင် ပါ၀င်သင့် ပါ၀င်ထိုက်တဲ့ အစိတ်အပိုင်း
အသီးသီးက လူပုဂ္ဂိုလ်တွေ၊ အဖွဲ့ အစည်းတွေပါ၀င်ဖို့ လိုအပ်ပါတယ်၊ ဒါပေမဲ့ လောလောဆယ်
သူတို့မပါ၀င်နိုင်သေးတာကလည်း အခြေအနေ အကြောင်းအရပ်ရပ် ရှိပါတယ်။ ရှိတဲ့အပေါ်မှာလည်း
အားလုံး တစ်ဖက်နဲ့ တစ်ဖက် သဘောထားကြီးစွာနဲ့ မြော်မြင်မှုအပြည့်နဲ့ ဖြည်းဖြည်းချင်း
လက်တွဲပြီးတော့မှ ဆောင်ရွက်သွားရမယ့်ကိစ္စပါ။ ဒါဆိုရင်တော့ အဆင်ပြေနိုင်ပါတယ်" ဟု
ဦးစိုင်းစိုင်းငင်းက ဆိုသည်။

















