ဒုတိယအကြိမ်လွှတ်တော်သက်တမ်းသို့ တက်ရောက်မည့် လွှတ်တော်ကိုယ်စားလှယ်များကို
၄င်းတို့၏ ဂုဏ်သိက္ခာနှင့်အညီ ဆက်ဆံဆောင်ရွက်ပေးရန် ပြည်ထောင်စုလွှတ်တော်နာယက
သူရဦးရွှေမန်းက မှာကြားသည်။
ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ
ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်တို့ စည်ပင်ဧည့်ရိပ်သာသို့ ရောက်ရှိခဲ့ကြပြီးဒုတိယအကြိမ်
လွှတ်တော်သက်တမ်းအတွင်း ရောက်ရှိလာကြမည့် လွှတ်တော်ကိုယ်စားလှယ်များအတွက်
စီမံဆောင်ရွက်မှုတင်ပြချက်များမှ လိုအပ်သည်များကို ဇန်နဝါရီ ၂၁ ရက်တွင်
ပြန်လည်မှာကြားကြသည်။
''နောက်လွှတ်တော်ကို ရောက်ရှိလာမယ့် ကိုယ်စားလှယ်များသည် ပြည်သူကရွေးချယ်ထားတဲ့
ကိုယ်စားလှယ်များ ဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူ့ကိုယ်စားလှယ်များရဲ့ ဂုဏ်သိက္ခာနဲ့အညီ
ဆက်ဆံပြောဆိုဆောင်ရွက်ရမှာဖြစ်ပါတယ်။ တာဝန်ရှိသူများက အဲဒီလွှတ်တော်ကိုယ်စားလှယ်
တွေကို ထိုက်ထိုက်တန်တန် နေရာပေးရပါမယ်''ဟု ပြည်ထောင်စုလွှတ်တော်နာယက
သူရဦးရွှေမန်းက ပြောသည်။
ထို့ပြင် ဒုတိယအကြိမ်လွှတ်တော်သက်တမ်းသို့ ရောက်ရှိလာကြမည့် လွှတ်တော်ကိုယ်စား
လှယ်များ နေပြည်တော်ကောင်စီနယ်မြေ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ
စည်ပင်ဧည့်ရိပ်သာက ဆက်ဆံရေးကော်မတီ ဖွဲ့စည်းပေးရန် လိုအပ်မည်ဖြစ်ကြောင်း၊
ကျန်းမာရေးကိစ္စများအတွက် လက်ရှိစီစဉ်ထားသည်ထက် ပိုမို လုံလောက်စေရန်
ဖြည့်ဆည်းပေးရန်လိုအပ်ကြောင်း မှာကြားသည်။
''ဆရာဝန်တစ်ယောက်တည်းထားတာက နည်းတယ်။ ဒီမှာတည်းမယ့်ကိုယ်စားလှယ်အား
လုံးက ၆ဝဝ ကျော်ရှိမယ်။ ကိုယ်စားလှယ်တွေကို လုပ်ကိုင်ကူညီပေးမယ့်သူတွေရှိမယ်။
ကော်မရှင်အဖွဲ့တွေရှိမယ်။ အဲဒီလိုနဲ့ ယာဉ်မောင်းအပါအဝင် ဒီမှာက ၁,ဝဝဝ လောက်ရှိမယ်။
ဒါကြောင့် "Medical cover" အတွက် ဒီထက်ပိုမိုပြီး ဆောင်ရွက်ပေးဖို့ လိုတယ်''ဟု
သူရဦးရွှေမန်းက ပြောသည်။
လွှတ်တော်မကျင်းပမီ ရက်ပိုင်းအတွင်း အသစ်ရောက်ရှိလာမည့် လွှတ်တော်ကိုယ်စား
လှယ်များ စားသောက်ရန်အတွက် စည်ပင်ဧည့်ရိပ်သာတွင်ရှိစဉ် ဧည့်ရိပ်သာမှ တာဝန်
ရှိသူတို့က စီစဉ်ပေးရန်လိုအပ်ပြီး ခရီးစရိတ်များပေးရာတွင် ဖိတ်ကြားထားသည့်
လွှတ်တော်ကိုယ်စားလှယ်များအတွက် အပြည့်အဝ ရရှိအောင် ဆောင်ရွက်ပေးရန်
လိုအပ်သည်ဟု ၄င်းက ပြောသည်။
''ကျွန်တော်တို့ လွှတ်တော်ဟာ နောင်လာမယ့် လွှတ်တော်ကို လွှဲပေးတာ မဟုတ်ဘဲနဲ့
ကျွန်တော်တို့ရဲ့ လွှတ်တော်သက်တမ်းကုန်ဆုံးတဲ့အခါမှာ ကျွန်တော် အပါအဝင်
လွှတ်တော်အားလုံး ဖျက်သိမ်းပြီးတော့ နောက် လွှတ်တော်ကနေ လွှတ်တော်ဆိုင်ရာကိစ္စများကို
ဆက်ပြီးဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
ဒါဟာ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ပြဋ္ဌာန်းချက်ပါပဲ''ဟုလည်း သူရဦးရွှေမန်းက ထည့်သွင်း
ပြောကြားသွားသည်။ ါ

















