တောင်ကိုရီးယားအစိုးရက ထောက်ပ့ံသည့် ကျေးရွာသစ်စီမံကိန်းကို လာမည့်ဧပြီလတွင်
စတင်အကောင်အထည်ဖော်သွားမည်ဟု လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊
စိုက်ပျိုးရေးဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေးကိုကိုက ပြောသည်။
နေပြည်တော်နှင့်တိုင်းဒေသကြီး၊ ပြည်နယ်ရှစ်ခုတို့တွင် အကောင်အထည်ဖော်မည့် အထက်ပါ
စီမံကိန်းသည် တောင်ကိုရီးယားနိုင်ငံ၏စံနမူနာအတိုင်း ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်လာ
စေရန် ရည်ရွယ်ကြောင်း ၄င်းက ပြောသည်။
''ဒီစီမံကိန်းရဲ့ ရည်မှန်းချက်က ကျွန်တော်တို့ နိုင်ငံမှာရှိတဲ့ ကျေးလက်ဒေသများ
ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးလက်နေပြည်သူလူထုရဲ့ စားဝတ်နေရေး
ဘဝဖွံ့ဖြိုးမှုနဲ့အတူသူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်တွေ ဖွံ့ဖြိုးဖို့အတွက်
အဓိကဆောင်ရွက်ဖို့ဖြစ်ပါတယ်''ဟု ဇန်နဝါရီ ၁၅ ရက်ကပြောသည်။
စီမံကိန်းအရ နေပြည်တော်တွင် ကျေးရွာပေါင်း ၄ဝ၊ မန္တလေးတိုင်းဒေသကြီး၊
စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် ၁ဝ ရွာစီ၊
ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့်မွန်ပြည်န
ယ်တို့တွင် ငါးရွာစီဖြင့် စုစုပေါင်းကျေးရွာ ၁ဝဝ တွင် အကောင်အထည်ဖော်သွားမည် ဖြစ်သည်။
''၂ဝ၁၆ ခုနှစ်၊ ဧပြီမှာကျေးရွာတစ်ရွာကို အမေရိကန်ဒေါ်လာနှစ်သောင်းစီ ပဏာမ
ဒီနှစ်အတွက် ထောက်ပ့ံမှာဖြစ်ပါတယ်။ ကျေးရွာတစ်ရွာသည်မြန်မာငွေအားဖြင့်
ကျပ်သိန်း၂၆ဝ လောက်ရရှိကြမှာဖြစ်ပါတယ်''ဟု ၄င်းက ပြောကြားသည်။
စီမံကိန်းဝင်ကျေးရွာများက ကျေးရွာခေါင်းဆောင်များကို စီမံကိန်းအတွက်သင်တန်းများ
ပေးထားပြီးဖြစ်ရာ ၄င်းတို့သည်ကျေးရွာလူထု၏သဘောတူညီမှုဖြင့် ကျေးရွာအလိုက် ဖွံ့ဖြိုးရေးစီ
မံချက်များရေးဆွဲရမည်ဖြစ်သည်။
စီမံချက်များသည် ကျေးရွာဝင်ငွေတိုးတက်ရေး၊ လမ်းတံတားများ ပြုပြင်တည်ဆောက်ရေးနှင့်
စွမ်းဆောင်ရည်မြှင့်တင်ရေးတို့အတွက် ဦးတည်ရေးဆွဲရမည်ဖြစ်သည်။
ကျေးရွာခေါင်းဆောင်များအနေဖြင့် ဝင်ငွေတိုးတက်ရေးအတွက် မည်သည့်လုပ်ငန်းများ
ဆောင်ရွက်မည်၊ ရန်ပုံငွေမည်မျှသုံးစွဲမည်၊ လမ်းတံတားများပြုပြင်တည်ဆောက်ရေးအတွက်
မည်သို့လုပ်ဆောင်မည်၊ စွမ်းဆောင်ရည်မြှင့်တင်ရေးအတွက် မည်သို့ဆောင်ရွက်မည်တို့ကို
ရေးဆွဲရမည်ဖြစ်သည်။
ထို့ပြင် ကျေးရွာကတင်ပြလာသော စီမံချက်အရ ချပေးသည့်ရန်ပုံငွေနှင့်မလုံလောက်ပါ
ကလိုအပ်သည့်ရန်ပုံငွေကို ကျေးရွာပြည်သူလူထုကစုပေါင်းထည့်ဝင်ရမည်ဖြစ်သည်။
''စီမံချက်က သိန်း ၃ဝဝ ကုန်မယ်ဆိုရင် လိုတဲ့ သိန်း ၄ဝ ကို ကျေးရွာက စုပေါင်းထည့်ဝင်ပြီး
ကိုယ်တိုင်ပဲ အကောင်အထည် ဖော်ရမှာဖြစ်ပါတယ်''ဟု ဦးအေးကိုကိုကပြောသည်။
ယင်းအစီအစဉ်အရ လူတစ်ဦးချင်းစီရဲ့ပူးပေါင်းပါဝင်ဆောင်ရွက်လိုမှု၊ မည်သို့ပင်ဖြစ်စေ
ဖြစ်အောင်ဆောင်ရွက်မည်ဟူသော သဘောတရားများဖြစ်ပေါ်လာကာ မြို့ပြကဲ့သို့
ဝင်ငွေမြင့်မားလာစေမည်ဟု ဆိုသည်။ စီမံကိန်းအတွက် တောင်ကိုရီးယားနိုင်ငံက
ရန်ပုံငွေအမေရိကန်ဒေါ်လာ ၂၂ သန်းကို ကိုရီးယားအပြည်ပြည်ဆိုင်ရာပူးပေါင်း
ဆောင်ရွက်ရေးအေဂျင်စီ(ကွိုင်ကာ)မှတစ်ဆင့် ထောက်ပ့ံမည်ဖြစ်သည်။
ပထမနှစ်တွင် ကျေးရွာတစ်ရွာစီအတွက် ကန်ဒေါ်လာနှစ်သောင်းစီကို ထောက်ပံ့
သွားမည်ဖြစ်ပြီးယှဉ်ပြိုင်မှုဖြင့် အကောင်အထည်ဖော်သွားမည်ဖြစ်သောကြောင့်
ပိုပြီးအကောင်အထည်ဖော်နိုင်သည့် ကျေးရွာများက နောင်နှစ်များတွင် ထောက်ပ့ံငွေ
ပိုမိုရရှိမည်ဖြစ်သည်။
''စီမံကိန်းကယှဉ်ပြိုင်မှုနဲ့သွားမှာဖြစ်တယ်။ ရွာတစ်ရွာကကြိုးစားမှုကောင်းတယ်၊ အားထုတ်မှု
ကောင်းတယ်ဆိုရင်လာမယ့်နှစ်မှာနှစ်ဆ အမေရိကန်ဒေါ်လာလေးသောင်းထောက်ပံ့မှာ
ဖြစ်တယ်။ တတိိယနှစ်မှာဆိုရင် ခြောက်သောင်းထောက်ပ့ံမှာ ဖြစ်ပါတယ်။
လာမယ့်နှစ်မှာ အေအဆင့်ဆိုရင် လေးသောင်း၊ဘီအဆင့်ဆိုရင် သုံးသောင်း၊ စီအဆင့်
ပုံမှန်ပဲ လုပ်တဲ့ရွာဆိုရင် နှစ်သောင်းပဲရမယ်။ထောက်ပ့ံငွေကိုယှဉ်ပြိုင်မှုနဲ့ကြိုးစားချင်စိတ်
ရှိအောင် ဆောင်ရွက်သွားမှာဖြစ်ပါတယ်''ဟု ၄င်းကရှင်းလင်းပြောကြားသည်။
စီမံကိန်းဝင်တိုင်းဒေသကြီးနှင့်ပြည်နယ်များရွေးချယ်ရာတွင်လည်း တောင်ကိုရီးယားနိုင်ငံမှ
ပညာရှင်များ၏ သဘောထားအရမြေပြန့်ဒေသကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
အထက်ပါ စီမံကိန်းသည် သမ္မတဦးသိန်းစိန်၏ ၂ဝ၁၂ ခုနှစ်က တောင်ကိုရီးယားနိုင်ငံ
ချစ်ကြည်ရေးခရီးစဉ်အတွင်း ယင်းနိုင်ငံသမ္မတနှင့် ဆွေးနွေးခဲ့ခြင်းဖြစ်သည်။
















