ငါးနှစ်တာ ကာလအတွင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များထံမှ တင်ပြလာသည့်
ဆောင်ရွက်ပေးရမည့် ကတိကဝတ် ၁,ဝဝဝ ကျော်နှင့်အတူ ပထမအကြိမ်
အမျိုးသားလွှတ်တော်အစည်းအဝေးကို ဇန်နဝါရီ ၂၈ ရက် မွန်းလွဲ ၁ နာရီခွဲတွင်
ကျင်းပပြီးနောက် ပိတ်သိမ်းလိုက်သည်။
ငါးနှစ်တာကာလအတွင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များက ကြယ်ပွင့်ပြ မေးခွန်း
၁၉၄၁ ခု ရှိသည့် အနက် ဆောင်ရွက်ပေးရန် ကတိကဝတ် ၁ဝ၂ဝခု အထိရှိသည်။
ပြည်ထောင်စုအစိုးရအဖွဲ့ကလည်း ကတိကဝတ် ၉၈၇ ခုကို ဆောင်ရွက်ပြီးစီးသည်။
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် လွှတ်တော်ကာလအတွင်း ဆောင်ရွက်
ချက်များကိုရှင်းလင်းပြောကြားပြီး တစ်ပြိုင်နက်တည်း အမျိုးသားလွှတ်တော် (၁၃)
ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို ပိတ်သိမ်းကြောင်း ကြေညာခဲ့သည်။
ကြယ်ပွင့်မပြသည့်မေးခွန်း ၂,၄၅၅ ခု အနက် ဆောင်ရွက်ရန် ကတိကဝတ် ၁,ဝဝ၇ ခု ရှိပြီး
ပြည်ထောင်စု အစိုးရအဖွဲ့က ၉၇၄ ခုကို ဆောင်ရွက်ပေးခဲ့သည်။ ထို့ပြင် အတည်ပြုသည့်
အဆိုစုစုပေါင်း ၁၂၈ ခု ရှိရာ အစိုးရက ၁၂ဝ ခုကို ဆောင်ရွက်ပေးထားသည်ဟု
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က အဆိုပါနေ့တွင် ပြောကြားသည်။
ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းအဝေးမှ ဆဋ္ဌမပုံမှန်အစည်းအဝေးအထိ
ပုံမှန်အစည်းအဝေး ခြောက်ကြိမ်နှင့် အထူးအစည်းအဝေး တစ်ကြိမ် ပြုလုပ်ပြီး
ထိုကာလများအတွင်း ၂ဝ၁၁ ခုနှစ်တွင် ဥပဒေ ၁၅ ခု၊ ၂ဝ၁၂ ခုနှစ်တွင် ဥပဒေ ၂၄ ခု၊
၂ဝ၁၃ ခုနှစ်တွင် ဥပဒေ ၂၁ ခု၊ ဥပဒေ စုစုပေါင်း ၆ဝ ကို ဆွေးနွေး ဆုံးဖြတ်အတည်ပြုခြင်းများကို
ဆောင်ရွက်ထားသည်ဟု ¤င်းက ပြောသည်။
''ဒီလို ခေတ်ပြောင်းကာလ တစ်ခုမှာအမျိုးသားလွှတ်တော်အနေနဲ့ တည်တည်ငြိမ်ငြိမ်နဲ့
လုပ်သွားနိုင်တာကို အသိအမှတ်ပြုပါတယ်။ ကျေနပ်ပါတယ်၊ လွှတ်တော်ဥက္ကဋ္ဌကြီးကိုလည်း
ချီးမွမ်းပါတယ်''ဟု ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)မှအမျိုးသားလွှတ်တော် ကိုယ်စားလှယ်
ဦးခင်မောင်(ခေါ်) ဦးအောင်ကျော်ဦးက မြန်မာတိုင်း(မ်)ကို ပြောသည်။
နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအစိုးရက လက်ရှိ အစိုးရသို့
အာဏာလွှဲပြောင်းပေးပြီးနောက် ၂ဝ၁၁ ခုနှစ် ဇန်နဝါရီ ၃၁ ရက် နံနက် ၈ နာရီ ၅၅ မိနစ်က
စတင်ကျင်းပသည့် ပထမအကြိမ် အမျိုးသားလွှတ်တော် ပုံမှန်အစည်းအဝေးသည် ၂ဝ၁၅၊
ဇန်နဝါရီ ၂၈ရက်တွင် ငါးနှစ်ပြည့်သည်။
















