လူတန်းစားပေါင်းစုံ ကျင်လည် နေကြတဲ့ နေပြည်တော်ရဲ့ မီးဖိုချောင်စျေး

လူတန်းစားပေါင်းစုံ ကျင်လည် နေကြတဲ့ နေပြည်တော်ရဲ့ မီးဖိုချောင်စျေး

ချမ်းလှပါတယ်ဆိုတဲ့ ဆောင်းတွင်းကြီးမှာ ရေခဲရိုက်ငါးပုံးတွေကို ညာသံပေးပြီး
ကုန်တင်ကားတွေပေါ်က ချနေကြတဲ့ မြင်ကွင်းက ဆောင်းအအေးဒဏ်ကို မမှုသလိုပင်။
ရေထွက်ကုန်ပစ္စည်းတွေ ဖြန့်ဖြူးတဲ့ ဒိုင်စျေးတွေတိုင်းလိုလိုမှာရှိတယ်။

ဒေသခံတွေကတော့ အဲဒီစျေးကြီးကို ကင်ပွန်းတန်းစျေးကြီးလို့ ခေါ်ကြတယ်။
အရှေ့စျေးလို့လည်း ပြောကြတယ်။ နေပြည်တော် စည်ပင်သာယာရေးကော်မတီက
အဲဒီစျေးကြီးကို အာဟာရသုခစျေးကြီးတဲ့။ အဲဒီ စျေးကြီးကို ထူထောင်စ ၂ဝဝ၈ ခုနှစ်လောက်
မှာ ဒေသခံတွေ အလွန်အင်မတန် စိတ်ညစ်ခဲ့ကြတယ်။

အောင်မြင်မှာ မဟုတ်ဘူးလို့လည်း သုံးသပ်ကြတယ်။ ဘာလို့လဲဆိုတော့ သူတို့
မူလက ကျင်လည်နေကြတဲ့ နေရာကနေ မြို့အပြင်ဘက်ကို ပြောင်းလိုက်တဲ့
နေရာအသစ်ဖြစ်နေလို့ပဲ။

ဒါပေမဲ့ အခုအချိန်မှာ အမည်နာမ အမျိုးမျိုးနဲ့ ကျော်ကြား လာတဲ့  အာဟာရသုခစျေးကြီးက
နေပြည်တော်မှာ နေထိုင် ကြတဲ့ ပြည်သူလူထုတွေရဲ့ ထမင်းအိုး၊ ဟင်းအိုး တို့ကို
ဖြည့်ဆည်းပေးရာ အကြီးဆုံး မီးဖိုချောင်သုံးပင်ရင်းစျေးကြီး တစ်ခု ဖြစ်လာခဲ့ပြီဆိုတာတော့
ငြင်းလို့ မရတော့ပါ။

ပင်ရင်းစျေးကြီးဆိုတာ ဒိုင်စျေးကို ပြောတာပါ။ ဒေသတွင်းနဲ့အနယ်နယ်အရပ်ရပ်ကလာတဲ့
သားတွေ၊ ငါးတွေ၊ သစ်သီးဝလံတွေ၊ ပန်းမန်တွေ၊ ငါးခြောက်၊ငါးခြမ်းတွေ၊ စတဲ့ ကုန်တွေကို
ဒိုင်စျေးနဲ့ လက်လီ၊ လက်ကားဝယ်လို့ရတဲ့စျေး။အာဟာရသုခစျေးကို တစ်ရက်လောက်သွားပြီး
စိတ်လွတ်လက်လွတ် အေးအေးဆေးဆေး လှည့်ပတ်ကြည့်ရှု့ခဲ့မယ်ဆိုရင်။

အဲဒီစျေးထဲမှာ ကျင်လည်လှုပ်ရှားနေတဲ့ လူတွေရဲ့ သဘာဝကို နှိုက်နှိုက်ချွတ်ချွတ်လေ့
လာကြည့်မယ်ဆိုရင် တကယ့်ကို စိတ်ဝင်စားစရာကောင်းပါတယ်။ နေ့စဉ်နေ့တိုင်း အဓိက
ကျင်လည်နေကြသူတွေက စျေးသည်တွေနဲ့ စျေးဝယ်တွေပဲ။

နောက်ပြီး စျေးကြီးကို မှီခိုပြီး စီးပွားရှာနေကြတဲ့သူတွေရှိကြတယ်။ ဗိုက်ထဲဆာလာရင်
တွေ့တဲ့လူကို လက်တို့ပြီး လက်ဝါးဖြန့်။ မပေးတဲ့အခါမှာ လက်တို့ပြီး အတောင်းခံရသူကို
မခံချိ၊ မခံသာဖြစ်အောင် ပြီတီတီ၊ စပ်ဖြဲဖြဲလုပ်ပြ။ ပိုက်ဆံရရင် လူကို မူးယစ်စေတဲ့
ကော်ဘူးတွေဝယ်ရှူ။

ဗိုက်ဆာလာတော့ တောင်းလို့ရတဲ့ပိုက်ဆံတွေနဲ့ တွေ့ကရာ ဝယ်စားကြတဲ့
ပေါ့ပျက်ပျက်လူငယ်တွေလည်းရှိတယ်။ ဒီလိုပဲ နွေရာသီကျောင်းပိတ်ရက်နဲ့ စနေ၊ တနင်္ဂနွေလို
ကျောင်းပိတ်ရက်တွေမှာ အမေ၊ အစ်မ၊ အဒေါ်တွေနဲ့အတူ ညပိုင်းမှာသူကောက်ထားတဲ့
ခရေပန်းတွေရောင်း။ စံပယ်ပန်းရုံတွေရှိတဲ့ အိမ်တွေကနေ စံပယ်ပန်းတွေကို နို့ဆီဘူးနဲ့
ချင်ပြီးခူး။ ပြီးရင်ပေါက်စျေးအတိုင်းရှင်း။

ရလာတဲ့ပန်းတွေကို  အပ်ချည်ကြိုးနဲ့သီ။ ပြီးတော့ တစ်ကုံးတစ်ရာနဲ့ ပြန်ရောင်းနေတဲ့
ကလေးတွေလည်းရှိကြတယ်။

''သူရှာတဲ့ငွေနဲ့ သူ့ကျောင်းစရိတ်လုံလောက်တယ်''ဆိုပြီး ဂုဏ်ယူစွာပြောတဲ့ ပန်းသည်
ကလေးမိဘတွေလည်းရှိကြတယ်။ ၁ဝ နှစ်အရွယ် ကလေးတစ်ယောက်က
ခရေပန်းကောက်ရောင်း၊ စံပယ်ပန်းတွေရောင်းပြီး ကျောင်းသွားရင် ကတ္တီပါဖိနပ်နဲ့။

စက်ဘီးနဲ့။ ကျောင်းအကျႌအသစ်နဲ့။ အိပ်ကပ်ထဲမှာလည်းသူ့ကိုယ်ပိုင်ငွေတွေနဲ့။ အဲဒီလို
ကျောင်းသားတစ်ပိုင်း၊ စီးပွားရေးသမားတစ်ပိုင်းဖြစ်နေတဲ့ လူငယ်လေး တွေလည်းရှိကြတာပေါ့။
ကလေးချင်း တူပေမယ့် ကံ၊ ဉာဏ်၊ ဝီရိယချင်းမတူဘူး။ အဲဒီလို ဆန့်ကျင်ဘက်လူတန်းစားတွေရဲ့
သဘာဝကိုလည်း တမေ့တမောမြင်တွေ့ရမယ်။

အာဟာရသုခ စျေးကြီးရဲ့ မျက်နှာစာဘက်က ကတ္တရာလမ်းပေါ် မျှော်ကြည့်လိုက်မယ်
ဆိုရင်လည်း နယ်မြို့တစ်မြို့ရဲ့ ခုနစ်ရက်တစ်ပတ်၊ ဆယ်ရက်တစ်ပတ်စျေးကို ကြည့်ပြီး
ရေးဆွဲထားတဲ့ ပန်းချီကားတစ်ချပ်လိုလို။ ကတ္တရာလမ်းရဲ့ တစ်ဖက်၊ တစ်ချက်ဆီမှာ
ဆိုင်ကယ်ကယ်ရီဆွဲတဲ့လူတွေ၊ သုံးဘီးဆိုင်ကယ်နဲ့ အငှားလိုက်တဲ့လူတွေ၊ မြင်းလှည်းတွေ၊
လမ်းဘေး လောင်စာဆီဆိုင်တွေ၊ ကွမ်းယာဆိုင်တွေ၊ စားသောက်ဆိုင် တွေ အစရှိသဖြင့်
ကျင်လည်ကျက်စားကြတယ်။

အာဟာရသုခစျေးကြီးမှာ ပွဲရုံဆိုင်ခန်း ၁ဝဝ ရှိပြီး ပျံကျဆိုင်ခန်းပေါင်း ၁,၂ဝဝ ရှိတယ်။
အဲဒီအနက် ပွဲရုံ၊ ပျံကျဆိုင်ခန်းပေါင်း ၁၄၅ ခန်းသာ အသားနဲ့ ငါးတွေကို
ရောင်းချကြတာ ဖြစ်တယ်။

ကျန်တဲ့ဆိုင်ခန်းတွေက ကုန်စုံ၊ ကုန်စိမ်း ရောင်းချကြတဲ့ ဆိုင်ခန်းတွေဖြစ်တယ်။
ဒေသခံတွေက ပင်လယ်ငါးတွေနဲ့ နာမည်ခပ်ဆန်းဆန်း၊ ပုံသဏ္ဌာန် ခပ်ဆန်းဆန်း
ငါးတွေဆိုရင် မစားကြဘူး။ သူတို့စားကြရင် အလွန်ဆုံး ငါးတန်ငါးနဲ့ဖားလောက်ပဲ။

ရေထွက်ကုန်ပစ္စည်းတွေထဲက ရေချိုငါးတွေ၊ ချောင်းငါး၊ မြောင်းငါးနဲ့ ရေချိုပုစွန်၊
ဖားအစရှိတာတွေကို ပဲခူးတိုင်းဒေသကြီးမှာရှိတဲ့ ညောင်လေးပင်၊ မဒေါက်ဘက်က
ခြောက်ဘီးကားကြီးတွေနဲ့ အာဟာရသုခစျေးကြီးမှာရှိတဲ့ ပွဲရုံတွေဆီမှာယူရောင်းချကြတယ်။

ပင်လယ်စာတွေ၊ ဟိုတယ်စာတွေနဲ့ ပြည်ပပို့ကုန်လိုမျိုး ရေထွက်ကုန်အချို့ကိုတော့
ရန်ကုန်ကနေ မှာကြတယ်။ ရန်ကုန်ဆိုရင်တော့ ကြည့်မြင်တိုင် စံပြငါးစျေးကြီးကနေ
ပို့ကြတာပေါ့။ တစ်ခု ထူးခြား တာက ကဏန်းတွေ၊ ခုံးတွေ မရတာပဲ။

ဒါပေမဲ့ နေပြည်တော်မှာ ကဏန်းနဲ့ ခုံးတွေကို စားချင်ရင်တော့ စူပါမားကက်တွေ၊
ဟိုက်ပါမားကက်တွေမှာ ကီလိုနဲ့ ဝယ်လို့ရပါတယ်။ရန်ကုန်ကပဲဖြစ်ဖြစ်၊ ပဲခူးကပဲဖြစ်ဖြစ်၊
ဘယ်ဒေသကပဲဖြစ်ဖြစ် အာဟာရသုခစျေးကြီးဆီကို ငါးတွေခြောက်ဘီး ကားစီးပြီး
ဝင်လာကြတာတော့ တစ်ရက်ကို ၁ဝ တန်လောက်ရှိပြီး အဲဒီငါးတွေ၊ ပုစွန်တွေကိုလည်း
နေ့စဉ်မှန်မှန် ကုန်စင်အောင် စားသုံးကြတဲ့ လူထုလည်းရှိနေတော့ ငါးပွဲရုံတွေ
အလုပ်ဖြစ်ကြတာပေါ့။

''အဲဒီလို လွှင့်ပစ်လိုက်တဲ့ အပုပ်အသိုးတွေကို နေပြည်တော်စည်ပင်က ကရိန်းကားကြီးတစ်စီးနဲ့
နေ့စဉ် တစ်ရက်ကို ရှစ်တန်ပတ်ဝန်းကျင် သိမ်းဆည်းပေးတယ်။ ကျွန်တော်တို့ အာဟာရသုခ
စျေး တာဝန်ခံရုံးကလည်း ကားတွေနဲ့ တစ်ရက် ရှစ်တန်လောက်ရှင်းရပါတယ်။ စျေးကြီးက ၂၄
နာရီစျေးကြီးဖြစ်ပြီး သားငါးဆိုရင်သားငါး။ ကုန်စိမ်းဆိုရင်ကုန်စိမ်း။

ဘုရားပန်းဆိုရင် ဘုရားပန်းနဲ့ သူ့အစုနဲ့သူ၊ သူ့အချိန်နဲ့သူ ရောင်းကြဝယ်ကြတာ။ မနက်စျေး၊
ညနေစျေးဆိုပြီးရှိတယ်။ စျေးဆို သိတဲ့အတိုင်းပဲ။ ရောင်းသူကလည်း အမှိုက်ပစ်။ ဝယ်သူက
လည်း အမှိုက်ပစ်။ လာပြီးကုန်ထမ်းသူကလည်း ပစ်တယ်။ ကယ်ရီလာဆွဲတဲ့လူတွေကလည်း
ပစ်တယ်။ ပြောလို့မရဘူး။ ပြောမယ့်အစား ဝန်ထမ်းတွေခန့်ပြီး လိုက်သိမ်းပေးလိုက်တယ်။

''သန့်ရှင်းသပ်ရပ်မှု ရှိနေအောင်တော့ အမြဲဂရုစိုက်နေရတယ်။ နည်းနည်းလွဲချော်ရင်
အဲဒီလွဲချော်သွားတဲ့ နေရာကွက်ကွက်ကလေးမှာ ရှုပ်ပွသွားတတ်တော့ သိပ်ရုပ်ဆိုးတာ''ဟု
စျေးတာဝန်ခံ ဦးမောင်မောင်က ပြောပြတယ်။

တစ်ရက်ကို အမှိုက်သရိုက်၊ သစ်သီး၊ ဟင်းရွက် အပုပ်အဆွေး၊ အစုတ်အပဲ့ ၁၆
တန်လောက်ကို သိမ်းဆည်းနေရပြီး အဲဒီထဲက အမှိုက် ရှစ်တန်ကို အာဟာရသုခစျေးကနေ ၁၄
မိုင်လောက်ဝေးတဲ့နေရာမှာ သွားစွန့်ရတယ်လို့လည်း ဦးမောင်မောင်က ဆက်ပြီးပြောတယ်။

ဝန်ထမ်း ၅၃ ဦးနဲ့ အကျယ်အဝန်း ၄၄ ဒသမ ၁၆၅ ဧက ရှိတဲ့ စျေးကြီးနဲ့ ပတ်သက်တဲ့
ဝန်ဆောင်မှုတွေကို စီမံခန့်ခွဲထားရကြောင်း၊ စျေးသန့်ရှင်းရေးအတွက် မရှိမဖြစ်
လိုအပ်တဲ့ရေအတွက် ရေဂါလန်နှစ်သောင်းဆံ့တဲ့ မြေအောက်ရေလှောင်ကန်သုံးကန်နဲ့
ဂါလန်၄,၈ဝဝ ဆံ့ ရေစင် သုံးစင်ကို တစ်ရက် သုံးကြိမ်ရေမပြတ်မောင်းနှင် ပေးထားပြီး
သားငါးပွဲရုံတန်းတွေ အနံ့အသက်ကောင်းမွန်ရေးနဲ့ သန့်ရှင်းရေးအတွက် ကြပ်ကြပ်မတ်မတ်
ဆောင်ရွက်ရတယ်လို့ ဆိုပါတယ်။

စျေးတစ်ခုမှာ စည်းကမ်းထိန်းသိမ်းရတဲ့ကိစ္စက သိပ်လွယ်တဲ့ကိစ္စမျိုးတော့မဟုတ်ဘူးဗျ။
စျေးသည်တွေ စနစ်တကျရောင်းဖို့လည်း တာဝန်ယူထားရတယ်။ လူသွားလမ်းတွေ၊
ယာဉ်သွားလမ်းတွေ ပိတ်ဆို့မှု မရှိဖို့ တာဝန်ယူထားရတယ်။

ဒါ့ပြင် အလေးချိန်မှန်ကန်ရေး၊ စျေးသည်နဲ့ ဝယ်သူသော်လည်းကောင်း၊ စျေးသည်
အချင်းချင်းသော်လည်းကောင်း ခိုက်ရန်ဖြစ်ပွားမှု မရှိစေရေး၊ တောင်းရမ်းစားသောက်သူတွေ၊
စိတ်မနှံ့တဲ့သူတွေ စျေးထဲမဝင်အောင်၊ ဖောက်ထွင်းခံရမှုမရှိအောင်၊ မသမာမှု မဖြစ်ပေါ်အောင်၊
သန်ရှင်းသပ်ရပ်နေအောင် အစရှိသဖြင့်ပေါ့ဗျာ။

အားလုံးတာဝန်ယူထားရတယ်ဗျ။အာဟာရသုခစျေးကြီးကို ၂ဝဝ၈ ခုနှစ်အတွင်းက
ဖွင့်လှစ်ခဲ့တာဖြစ်တယ်။ အာဟာရသုခစျေးကြီး မရှိခင်တုန်းက ကုန်စိမ်းတွေ၊ သစ်သီးတွေ
အစရှိတဲ့ ပွဲရုံတွေက မြို့လယ်ကောင်ဖြစ်တဲ့ မင်္ဂလာရပ်ကွက်ဝန်းကျင်မှာ ဖွင့်လှစ်ခဲ့ကြတာဖြစ်ပြီး
နောင်တိုးတက်လာမယ့် လူဦးရေ၊ ပွားများလာမယ့် ကားတွေနဲ့ အစရှိတဲ့ အခြေခံ
အဆောက်အအုံဆိုင်ရာတွေကို တွက်ချက်ပြီး ကုန်တင်ကားကြီးတွေလည်း သွားလမ်းလာလမ်း
ချောင်လည်။ ဒေသတွင်း တောင်သူတွေလည်း တစ်နေရာတည်းမှာ ကိုယ့်ဖာသာ
ခင်ကျင်းရောင်းချနိုင်။ နေရာလည်းကျယ်ဝန်း။

အစရှိသဖြင့် အဘက်ဘက်က အသင့်တော်ဆုံးလို့ ယူဆဆုံးဖြတ်လိုက်တဲ့ နေရာပေါ့။
အခု အာဟာရသုခစျေးကြီးတည်ရှိနေတဲ့ ပျဉ်းမနားမြို့ အရှေ့ဘက် ဘောဂသီရိ
အဝေးပြေးကားဝင်းနဲ့ ကင်ပွန်းတန်းကျေးရွာအနီးကို ရွေ့လိုုက်တာဖြစ်တယ်။

''ရွှေ့ကာစမှာတော့ ဝေဖန်သံတွေကအမျိုးမျိုးပဲဗျ။ အခု တော်တော်လေးလည်း
စည်စည်ပင်ပင်နဲ့ တစ်ရက်ကို တန်နဲ့ချီတဲ့ ကုန်စိမ်းတွေ၊ သားငါးတွေရောင်းချလာနိုင်တဲ့ထိ
အောင်မြင်လာမှ ပွဲရုံဆိုင်ခန်းလိုချင် တယ်ဆိုတော့ ကျွန်တော်တို့ဘက်ကလည်း
ပေးစရာမရှိတော့ဘူး။ နောင်မှာလိုအပ်ရင် လိုအပ်သလောက် တိုးချဲ့ဖို့တော့ရှိတယ်။
ဒါပေမဲ့ အခြေအနေအရ တွက်ချက်ပြီး တိုးချဲ့မှာပါ''ဟု ဌာနမှူး ဦးမင်းလွင်စိုးက ဂုဏ်ယူစွာနဲ့
ပြောပြတယ်။

အာဟာရသုခစျေးမှာ စည်းကမ်းထိန်းသိမ်းနေတဲ့ကြားကနေ တောင်းရမ်းစားသောက်သူတွေ၊
လေလွင့်လူငယ်လေးတွေ တစ်ချက်တစ်ချက် ဝင်မွှေပြီး တောင်းရမ်းတာမျိုးရှိသလို အသက်
အရွယ်နဲ့ မလိုက်အောင်ကိုယ့်တာဝန်ကိုယ်ယူပြီး သမာအာဇီဝရှိရှိ လုပ်ကိုင်စားသောက်နေတဲ့
လူငယ်လေးတွေလညး်ရှိတယ်ဗျ။

ဘယ်လိုပဲဖြစ်ဖြစ် ပြီးခဲ့တဲ့ ၂ဝဝ၈ ခုနှစ်တုန်းက ဘယ်လိုမှ မအောင်မြင်လာနိုင်ပါဘူးဆိုပြီး
သုံးသပ်ဝေဖန်ခံခဲ့ရတဲ့ အာဟာရသုခစျေးကြီးဟာ အခုလက်ရှိအချိန် နေပြည်တော်မှာ
အောင်မြင်မှုရှိရှိ ခန့်ခန့်ထည်ထည် ရပ်တည်လာနိုင်ခဲ့ပြီ။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး