ဒုတိယအကြိမ်လွှတ်တော်သက်တမ်း၏ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်
ကိုယ်စားလှယ်များ အတွက် လွှတ်တော်ဆိုင်ရာ လုပ်ငန်းရပ်များ ရှင်းလင်းတင်ပြခြင်း အစီအစဉ်
( Induction Programme ) ခေါင်းစဉ်ဖြင့် အလုပ်ရုံဆွေးနွေးပွဲကို ဖေဖော်ဝါရီလ ၁၅ရက်မှ
၁၉ရက်နေ့အထိ ပြည်ထောင်စုလွှတ်တော် သဘင်ဆောင်တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း
သိရသည်။
အဆိုပါ အစီအစဉ်အရ ပထမနေ့တွင် ‘ ဒီမိုကရေစီ၊ လူထုခေါင်းဆောင်မှုနှင့် ကိုယ်စားလှယ်များ၏
အခန်းကဏ္ဍ ’၊ ဒုတိယနေ့တွင် ‘ အာဏာခွဲဝေခြင်း၊ စောင့်ကြည့်အကဲခတ်ခြင်းနှင့် အပြန်အလှန်
ထိန်းကျောင်းခြင်းအာဏာ ’ ၊ တတိယနေ့တွင် ‘ မဲဆန္ဒနယ် ကိုယ်စားပြုခြင်း ’ ၊ စတုတ္ထနေ့တွင်
‘ဥပဒေပြုရေး’ နှင့် ပဥ္စမနေ့တွင် ဆွေးနွေးပွဲတစ်ခုလုံးရလဒ်များကိုလည်း အနှစ်ချုပ်ဆွေးနွေးသွားမည်
ဖြစ်သည်။
အနှစ်ချုပ်ဆွေးနွေးပြီးနောက် ‘ အမျိုးသမီးကိုယ်စားလှယ်များ အောင်မြင်မှုအတွက် နည်းလမ်းများ ’
စသည့် အကြောင်းအရာကိုလည်း ပြည်ထောင်စုလွှတ်တော်ရှိ လွှတ်တော်သင်ကြားရေးဗဟိုဌာန
တွင် ဆက်လက်ဆွေး နွေးသွားမည်ဖြစ်သည်။
အထက်ပါအကြောင်းအရာအသီးသီးဖြင့် ဆွေးနွေးမှုများကို ပြည်ထောင်စုလွှတ်တော်နာယက၊
အမျိုးသားလွှတ် တော်ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင်သန်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ ပြည်ထောင်စု
လွှတ်တော် ညွှန်ကြားရေးမှူးချုပ်၊ ပြည်သူ့လွှတ်တော်ညွှန်ကြားရေးမှူးချုပ်၊ အမျိုးသားလွှတ်တော်
ညွှန်ကြားရေးမှူးချုပ် တို့အပါအဝင် ပါကစ္စတန်အထက်လွှတ်တော်ဥက္ကဋ္ဌ Hon Raza Rabbani၊
သြစတြေးလျအောက် လွှတ်တော်ကိုယ်စားလှယ်ဟောင်းနှင့် နယူးဆောက်သ်ဝေးလ်စ်လွှတ်တော်
ဥပဒေပြုရေးအဖွဲ့ဝင် ဟောင်းဖြစ်သူ Ms.Janelle Saffin၊လက်ရှိသြစတြေးလျ အောက်လွှတ်တော်
ကိုယ်စားလှယ် Ms.Nola Marinoနှင့် ဖိလစ်ပိုင် အထက်လွှတ်တော် ကိုယ်စားလှယ်ဖြစ်သူ Ms.Pia
Cayetano စသည့် ပုဂ္ဂိုလ်များကလည်း ပါ၀င်ဆွေးနွေး သွားကြမည်ဖြစ်သည်ဟု လွှတ်တော်
ကိုယ်စားလှယ်များအား ကြိုတင်ပေးပို့ထားသည့် ဆွေးနွေးပွဲအစီအစဉ်စာရွက်တွင် ဖော်ပြထားသည်။
အလုပ်ရုံဆွေးနွေးပွဲကိုသက်ဆိုင်ရာလွှတ်တော်အစည်းအဝေးများအပြီး ပြုလုပ်သွားမည်ဖြစ်ပြီး
ဆွေးနွေးပွဲသို့ မတက်ရောက်နိုင်သည့် ကိုယ်စားလှယ်များအနေဖြင့် ဖေဖော်ဝါရီလ ၁၁ရက်နေ့တွင်
ပြန်ကြားပေးရန် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ရုံးတို့က အကြောင်းကြားထားသည်။
လွှတ်တော်ကိုယ်စားလှယ်များအတွက် ဆွေးနွေးပွဲပြုလုပ်မည့်အပေါ် ကယားပြည်နယ်မဲဆန္ဒနယ်
အမှတ်(၇)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အသစ်တစ်ဦးဖြစ်သူ ဦးအောင်ကျော်စိုးက
“ ကျွန်တော်တို့ ကိုယ်စားလှယ် အသစ်တွေက မသိသေးတာတွေ သိရမှာဆိုတော့ ရှေ့လျှောက်
လွှတ်တော်ထဲမှာ ဆောင်ရွက်ရမယ့်ကိစ္စတွေ ရှိလာရင် အဆင်ပြေတာပေါ့ ” ဟု ဖေဖော်ဝါရီလ
၁၁ရက်နေ့က မြန်မာတိုင်း(မ်)ကို ပြောသည်။
















