လွှတ်တော်သည် သဘောထား မတူသူများ နပန်းလုံးရန်ကြိုးဝိုင်း မဟုတ်ဟု ဒေါ်စုပြောကြား

လွှတ်တော်သည် သဘောထား မတူသူများ နပန်းလုံးရန်ကြိုးဝိုင်း မဟုတ်ဟု ဒေါ်စုပြောကြား

ပါတီ၊ လူမျိုးနှင့်ကိုးကွယ်ရာ မတူကြသည့်သူများစုဝေးရောက်ရှိနေသည့်လွှတ်တော်သည်
သဘောထားမတူကြသည့်ပုဂိုလ်များအတွက် နပန်းလုံးရန်ကြိုးဝိုင်း မဟုတ်ကြောင်း
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဖေဖော်ဝါရီ ၁၅ ရက်နေ့
တွင် ပြောကြားသည်။

''လွှတ်တော်ဟာ ကိုယ်စားလှယ်တစ်ဦးချင်းက ကိုယ့်အတွက်အသုံးချဖို့မဟုတ်ပါဘူး။ ရာထူး
နေရာရဖို့အတွက် ခုတုံး၊ လှေကားထစ်လည်းမဟုတ်ပါဘူး။ သဘောထားမတူတဲ့ပုဂ္ဂိုလ်များ
ကြားမှာ နပန်းလုံးဖို့ကြိုးဝိုင်းလည်းမဟုတ်ပါဘူး''ဟု လွှတ်တော်ကိုယ် စားလှယ်များအတွက်
လွှတ်တော်ဆိုင်ရာ လုပ်ငန်းများရှင်းလင်းတင်ပြခြင်း အစီအစဉ် ဖွင့်ပွဲအခမ်းအနားတွင်
ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ထို့ပြင် ရွေးကောက်တင်မြောက်ခြင်းခံခဲ့ရသည့်အဖွဲ့ချုပ်ပါတီ လွှတ်တော်ကိုယ်စားလှယ်များက
ပြည်သူက ရွေးချယ်သည့်ပြည်သူ့ကိုယ်စားလှယ်သာဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ်ကိုယ်စားပြုသူများ
မဟုတ်ကြောင်းလည်း သတိပေးခဲ့သည်။

''ပြည်သူကို ကိုယ်စားပြုပြီးတက်ရတာ၊ ကိုယ့်ကိုယ်ကိုယ် ကိုယ်စားပြုပြီး တက်ရတာ
မဟုတ်ဘူး''ဟု သတိပေးပြောကြားသည်။

ထို့ပြင် ကိုယ့်အစုအဖွဲ့မျက်နှာထက် ပြည်သူများ၏မျက်နှာကို အဓိက ကြည့်ရမည်ဖြစ်ကြောင်း
လည်း ၄င်းက ဆက်လက်ပြောသည်။ လက်ရှိ ဒုတိယအကြိမ်လွှတ်တော်အတွင်း ယခင်
ပထမအကြိမ်မှ လွှတ်တော်ကိုယ်စားလှယ်အနည်းငယ်သာ ပြန်လည်ပါဝင်လာပြီး အများစုမှာ
ကိုယ်စားလှယ်အသစ်များဖြစ်အတွေ့အကြုံနှင့် ဗဟုသုတများဖြည့်စည်းရန်လည်း လိုအပ်နေ
သည်။

သို့သော်လည်း ထိုကဲ့သို့အသစ်တွေများခြင်းကပင် မှန်ကန်သည့်လမ်းကြောင်း ပေါ်ရောက်ရှိရန် အခွင့်အလမ်းဖြစ်နေသည်ဟုဆိုသည်။''ပြောရမယ်ဆိုရင် စာမျက်နှာအသစ်ပေါ့။ စာမျက်နှာ
အသစ်အပေါ်မှာ မှန်မှန်ကန်ကန်ရေးဖို့၊ ချွတ်ဖို့ဟာ စာမျက်နှာအဟောင်းပေါ်မှာရေးဖို့၊ ချွတ်ဖို့ထက်အများကြီးပိုလွယ်ပါတယ်''ဟု ပြောကြားသွားသည်။

လွှတ်တော်ကိုယ်စားလှယ်များ၏ တာဝန်ကြီးသုံးခုဖြစ်သော ဥပဒေပြုရေး၊ စောင့်ကြည့်
လေ့လာရေးနှင့် ကိုယ်စားပြုရေးလုပ်ငန်းများအတွက် စွမ်းဆောင်ရည်မြင့်တက်လာစေရန်
ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက ဦးမန်းဝင်းခိုင်သန်းက ပြောသည်။ အမျိုးသမီး
လွှတ်တော်ကိုယ်စားလှယ်များကြံုတွေ့နေရသည့် အခက်အခဲများအတွက်လည်း မည်ကဲ့သို့
အဖြေရှာရမည်ကိုယခုအစီအစဉ်တွင်ထည့်သွင်း စီစဉ်ထားကြောင်း ၄င်းက ဆက်လက်
ပြောကြားသည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်ကလည်း ယခုအစီအစဉ်သည် ပထမအကြိမ်လွှတ်တော်
သက်တမ်းအတွင်း စစ်တမ်းကောက်ယူခဲ့သည် ့ရလဒ်များကိုအခြေခံထားသည့် အစီအစဉ်များ
ဖြစ်ကြောင်းပြောသည်။

''လွှတ်တော်ကိုယ်စားလှယ်တချို့အနေနဲ့လွှတ်တော်ရဲ့အခန်းကဏ္ဍ၊ လွှတ်တော်နဲ့ ထိတွေ့
ဆောင်ရွက်ခြင်းနဲ့ ပတ်သက်ပြီး အတွေ့အကြံုဗဟုသုတနည်းခြင်း၊ လွှတ်တော်သို့မရောက်မီက
ကိုယ်စားလှယ်များရဲ့ ရည်ရွယ်ချက်များ လွှတ်တော်တွင်းလက်တွေ့ဆောင်ရွက်ရာမှာ
သက်ရောက်မှုရှိခြင်းနဲ့ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များ ရင်ဆိုင် ကြုံတွေ့နေရတဲ့
စိန်ခေါ်မှုများပဲဖြစ်ပါတယ်''ဟု ပြောကြားသည်။

ဥပဒေပြုရေး၊ အစိုးရအဖွဲ့ကိုစောင့်ကြပ်တည့်မတ်ရေးနှင့် ပြည်သူကိုကိုယ်စားပြုရေး တာဝန်များ
ကို ဆောင်ရွက်ရမည့်လွှတ်တော် ကိုယ်စားလှယ်များအတွက် ယခုကဲ့သို့သင်တန်းများကို
ဆက်လက် ပို့ချရန်လည်းမျှော်လင့်ကြောင်း အဖွဲ့ချုပ်ပါတီဝင်၊ ပြည်သူ့လွှတ်တော် လွှတ်တော်
အခွင့်အရေး ကော်မတီ အတွင်းရေးမှူး ဒေါက်တာလှမိုးက ပြောသည်။

''တို့တစ်တွေက ပြည်သူကရွေးကောက်တင်မြောက်လိုက်တဲ့အတွက်ကြောင့် ပြည်သူ့ကိုယ်စား
လှယ်များသာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ပြည်သူအပေါ်မှာမမေ့မလျော့ဘဲ ပြည်သူ့အကျိုးကိုသာ
ဆောင်ရွက်ပေးဖို့သတိပေးနေတာဖြစ်ပါတယ်။ ဒါလည်းပေးသင့်ပေးထိုက်လို့ပေးတာပါ။

တို့တစ်တွေဟာ ကိုယ့်ရဲ့အကျိုး၊ ကိုယ့်ရဲ့ပေါ်ပျူလာဖြစ်မှု၊ ဟီးရိုးဖြစ်မှုဒါတွေကိုရှောင်ကြဉ်ပြီးတော့
ပြည်သူ့အတွက်အကောင်းဆုံးဆောင်ရွက်ပေးဖို့ ဥက္ကဋ္ဌကြီးကအမြဲတမ်း သတိပေးနေတာဖြစ်ပါ
တယ်''ဟုလည်း ဆက်လက်ပြောကြားသည်။

ဖေဖော်ဝါရီ ၁၅ ရက်မှ ၁၉ ရက်နေ့ထိ ၅ ရက်ကြာပြုလုပ်မည့်အထက်ပါသင်တန်းသို့ ပြည်သူ့
လွှတ်တော် ကိုယ်စားလှယ် ၃ဝ၉ ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၁၄၉ ဦး၊ ပြည်သူ့
လွှတ်တော် ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မရှင်မှ ခုနစ်ဦး၊
စုစုပေါင်း ၄၆၅ ဦး တက်ရောက်သင်ကြားလျက်ရှိသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး