စိုက်ပျိုးရေးတက္ကသိုလ်၌ ဆန်စပါးအထူးပြု ဘာသာရပ် လာမည့် ပညာသင်နှစ်မှ စတင်မည်

စိုက်ပျိုးရေးတက္ကသိုလ်၌ ဆန်စပါးအထူးပြု ဘာသာရပ် လာမည့် ပညာသင်နှစ်မှ စတင်မည်

ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ်က စပါးအဓိကဘာသာရပ်ကို လာမည့်ပညာသင်နှစ်မှစတင်ကာ
စတင်ခွဲထုတ်သင်ကြားမည်ဖြစ်ကြောင်း ပါမောက္ခချုပ် ဒေါက်တာမျိုးကြွယ်က ပြောသည်။

''စပါးအထူးပြုဘာသာရပ်က စတင်နေပြီ။လာမည့်ပညာသင်နှစ်၊ ဒုတိယနှစ်သင်တန်းကနေစပြီး
တော့ အထူးပြုဘာသာရပ်အနေနဲ့စပြီး ခွဲထုတ်လိုက်မယ်။ လောလောဆယ်တော့သင်တန်းသား
၅ဝ၊ ၁ဝဝ လောက်စဉ်းစားထားတယ်။ ဒါပေမဲ့ မသေချာသေးဘူး။ အခုတော့ ပထမနှစ်သင်တန်း
မှာ အထွေထွေ သိပ္ပံသင်နေတယ်''ဟု အဆိုပါတက္ကသိုလ်မှ ဒေါက်တာမျိုးကြွယ်က ဖေဖော်ဝါရီ ပထမသီတင်းပတ်အတွင်း မြန်မာတိုင်း(မ်)နှင့် တွေ့ဆုံစဉ် ပြောကြားသည်။

ဆန်ကိုအဓိကစားသုံးသော စိုက်ပျိုးရေးနိုင်ငံဖြစ်နေသည့်အပြင် ပြည်ပပို့ကုန်တွင်လည်းအဓိက
အားထား နေရသော သီးနှံဖြစ်သည့် စပါးနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံတွင် စပါးအဓိက
ဘာသာရပ် မရှိသေးခြင်းက လိုအပ်ချက်တစ်ခုဖြစ်နေသည်ဟု ဆိုသည်။ ထို့ကြောင့်လည်း
နိုင်ငံတကာက အကူအညီပေးနေသည့် အဖွဲ့အစည်းများ၊ ပညာရှင်များ၏အကြံပြုချက်အရ
ယင်းသို့ သီးခြားခွဲထုတ်ပြီးအဓိကဘာသာရပ် တစ်ခုအနေဖြင့် သင်ကြားရန် စတင်ခဲ့ခြင်း
ဖြစ်ကြောင်း ဆိုသည်။

မြန်မာနိုင်ငံတွင်သီးနှံစိုက်ဧက စုစုပေါင်း၂၁ သန်းကျော်ရှိနေပြီး၊ ယင်းပမာဏ၏ ထက်ဝက်
ကျော်ဖြစ်သော ၁၂ ဒသမ ၉၃ သန်းမှာ စပါးစိုက်ဧကများဖြစ်နေကြောင်း လက်ရှိ၂ဝ၁၅-၁၆
ဘဏ္ဍာနှစ်၏ အမျိုးသားစီမံကိန်းဥပဒေ၌ ဖော်ပြထားသည်။ ထို့ပြင် နွေစပါးစိုက်ဧကများအပါအဝင်
ဆိုလျှင် စုစုပေါင်းစပါးစိုက်ပျိုးသည့် ဧကမှာ သန်း၂ဝ ခန့်ရှိမည်ဖြစ်ကြောင်းလည်း ခန့်မှန်းထား
သည်။

ထို့ပြင် လာမည့် ၂ဝ၁၆-၁၇ ဘဏ္ဍာနှစ်၊ အမျိုးသားစီမံကိန်း ရည်မှန်းချက်များတွင်လည်း ရေဆင်း
စိုက်ပျိုးရေးတက္ကသိုလ်မှ စိုက်ပျိုးရေး ဘွဲ့ပညာရှင်များ၊ စိုက်ပျိုးရေးသိပ္ပံကျောင်းများမှ ဒီပလိုမာဘွဲ့ရ
များ မွေးထုတ်သွားမည်။

''စပါးတင်မကပါဘူး၊ သီးနှံအလိုက်အထူးပြုဘာသာရပ်တွေကိုပါ သင်ပေးဖို့သင့်ပါတယ်''ဟု
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်မှ ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ် ဦးစိန်ဝင်းက ဖေဖော်ဝါရီ ၁၄ရက်နေ့တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ဘွဲ့ရလာသောကျောင်းဆင်းများကိုလည်း ဝန်ကြီးဌာနပိုင်စိုက်ပျိုးရေးခြံများတွင် သုံးနှစ်
ခန့် လက်တွေ့လုပ်ကိုင်စေပြီး ကျွမ်းကျင်သောတောင်သူပညာပေး လုပ်သားများ (Extension
Workers) မွေးထုတ်ပေးသင့်ကြောင်း ၄င်းက ဆိုသည်။

''ကျောင်းက သင်ပေးတာရယ်၊ တောင်သူလယ်သမားက သင်ပေးတာရယ်၊  မိမိလက်တွေ့
ဆောင်ရွက်ခဲ့တာရယ် ပေါင်းစပ်ပြီးတော့ ဆောင်ရွက်ရမှာဖြစ်တဲ့ အတွက်ကျောင်းက
သင်ပေးလိုက်တဲ့ သီအိုရီပိုင်းကို အထိုက်အလျောက်ကျွမ်းကျင်ဖို့ လိုသလို တက္ကသိုလ်က
သင်မပေးလိုက်နိုင်တဲ့ တောင်သူလယ်သမားတွေရဲ့ အတွေ့အကြုံတွေနဲ့ ကိုယ့်ရဲ့ တီထွင်မှုနဲ့
ပေါင်းစပ်ပြီးတော့လုပ်ရင် အနာဂတ်လယ်ယာကဏ္ဍဟာ ဝန်ထမ်းကောင်းတွေ လက်ထဲမှာရောက်ပြီးအထွက်နှုန်းတွေ ကောင်းလာမယ်လို့မြင်ပါတယ်''ဟု ၄င်းက
ပြောသည်။

လာမည့်ငါးနှစ်အတွင်း ဝန်ကြီးဌာနအောက်ရှိ အခြားသောဌာနများဖြစ်သည့်စိုက်ပျိုးရေး
ဦးစီးဌာန၊ စိုက်ပျိုးရေး သုတေသနဌာနတို့နှင့်ပူးပေါင်းကာ ကျောင်းသားများအား လုပ်ငန်းခွင်
သင်တန်း (On Job Training) စတင်မည်ဟု ဒေါက်တာမျိုးကြွယ်က ဆိုသည်။

''စိုက်ပျိုးစီးပွားလည်း မအောင်မြင်၊ စက်မှုစီးပွားရေးလည်း မရောက်ဆိုပြီး ကျွန်တော်
လွှတ်တော်ထဲမှာ ပြောခဲ့တယ်။ ပြောချင်တာက ဘယ်ဝန်ကြီးပဲဖြစ်ဖြစ် ကိုယ်ကျွမ်းကျင်တာ
က နည်းနည်းလေးရယ်၊ ပုလဲသွယ်လောက်ပဲ ကျွမ်းကျင်ပြီးတော့ ဒီဟာပဲအရေးကြီးတယ်
လို့ ပြောလို့မရဘူး။ နောက်တစ်ခုက   ဒီမိုကရေစီကို သွားနေတာဖြစ်တဲ့အတွက်
အများကောင်းစားရေး၊ ငါနောက်ဆုံးထားရှိရေး ဒီလိုစိတ်မျိုးထားပြီးတော့ ဆောင်ရွက်ရင်
တက်ပါတယ်''ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်းကပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး