နိုင်ငံတော်ဧည့်ဂေဟာအတွင်းရှိ ဟိုတယ် ၁၀ ခုတွင် နိုင်ငံရေးဆိုင်ရာ အစည်းအဝေးများ ကျင်းပခြင်းကို
ခွင့်မပြုဟု နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး မင်းနောင်က ဥက္ကဋ္ဌကိုယ်စား ဟိုတယ်များသို့
ဖေဖော်ဝါရီ ၁၁ ရက်က အကြောင်းကြားစာ ပေးပို့ထားသည်။
နိုင်ငံတော်ဧည့်ဂေဟာသည် ပြည်ထောင်စု နယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဒက္ခိဏသီရိမြို့နယ်
အတွင်းရှိပြီး အာဆီယံ ထိပ်သီးအစည်းအဝေးပွဲများ ကျင်းပစဉ် ပြည်တွင်း၊ ပြည်ပမှ ဧည့်သည်များ
လာရောက် တည်းခိုနေထိုင်နိုင်ရန် ကုမ္ပဏီ ၁၀ ခုသို့ ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့စီးပွားရေးဘဏ်၏
လှည့်ပတ်ရန်ပုံငွေမှ သင့်တော်သော အတိုးနှုန်းဖြင့် နေပြည်တော် စည်ပင်သာယာရေးကော်မတီမှ
တစ်ဆင့် ချေးငွေသက်တမ်း ငါးနှစ်၊ ဆိုင်းငံ့ ၁၀ နှစ် စုစုပေါင်း ၁၅ နှစ်ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ချေးငွေရယူထားသည့် ကုမ္ပဏီများ၏ ဟိုတယ်များသည် နေပြည်တော်စည်ပင်သာယာရေးကော်မတီက
ချေးယူထားသည့် ချေးငွေ မကျေသေးသည့် ကာလများအတွင်း အဆိုပါ ဟိုတယ်များကို နိုင်ငံတော်က
ပိုင်ဆိုင်သဖြင့် နိုင်ငံရေးပါတီများ အစည်းအဝေး ကျင်းပခွင့်မပြုကြောင်း အကြောင်းကြားထားသည်။
နိုင်ငံတော် ဧည့်ဂေဟာအတွင်းရှိ ဟိုတယ် ၁၀ ခုမှာ Park Royal၊ ကန်ပက် စကီး၊ Horizon Lake
View၊ The Lake Garden၊ ဟေတန်၊ Hotel ACE၊ Grand Amara၊ Royal Present၊ နွယ်သာဂီနှင့်
ရွှေစံအိမ်ဟိုတယ်တို့ ဖြစ်သည်။
အဆိုပါ ဟိုတယ် ၁၀ ခု၏ ကုမ္ပဏီများမှာ ဧဒင်ကုမ္ပဏီ၊ Asia Express ကုမ္ပဏီ၊ IGE ကုမ္ပဏီ၊
Max ကုမ္ပဏီ၊ Asia World ကုမ္ပဏီ၊ ရွှေတောင်ကုမ္ပဏီ၊ ကမ္ဘောဇ၊ နီလာရိုးမကုမ္ပဏီ၊ ACE ကုမ္ပဏီ၊
ထူးကုမ္ပဏီနှင့် Original Group ကုမ္ပဏီတို့ ဖြစ်သည်။
အထက်ပါ ဟိုတယ်များတွင် နိုင်ငံရေးပါတီ အစည်းအဝေးများကျင်းပရန် ခွင့်မပြု ကြောင်းကို
နေပြည်တော်ကောင်စီ တစ်ခုတည်းက အကြောင်းကြားထားခြင်းဖြစ်ပြီး ဟိုတယ်နှင့် ခရီးသွားလာရေး
လုပ်ငန်း ၀န်ကြီးဌာနကမူ မည်သို့မျှ အကြောင်းကြား ညွှန်ကြားထားခြင်းမရှိကြောင်း ၀န်ကြီးဌာန
ညွှန်ကြားရေးမှူး ဦးမျိုးဝင်းညွန့်က မြန်မာတိုင်း(မ်)ကို ပြောသည်။
















