သတ္တုသယံဇာတများ တရားမဝင်တူးဖော်ခြင်းများကို လွှတ်တော်ကော်မတီက တားဆီးသွားမည်

သတ္တုသယံဇာတများ တရားမဝင်တူးဖော်ခြင်းများကို လွှတ်တော်ကော်မတီက တားဆီးသွားမည်

 

မြန်မာနိုင်ငံအတွင်း သတ္တုသယံဇာတများ တရားမဝင်တူးဖော်ခြင်းများကို တားဆီးသွားမည်ဖြစ်ကြောင်း
အမျိုးသားလွှတ်တော်၊ သတ္တုသယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကော်မတီ
အဖွဲ့ဝင် လွှတ်တော်ကိုယ်စားလှယ် ဦးစောမိုးမြင့်က ပြောသည်။

"ကော်မတီအနေနဲ့ နိုင်ငံအတွင်းမှာ တရားမဝင်တူးဖော်နေတာတွေကို ဒီလွှတ်တော်သက်တမ်း
ငါးနှစ်အတွင်းမှာ တားဆီးဖို့ လုပ်ရမယ်" ဟု ၄င်းက ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ကျင်းပသည့်
အမျိုးသားလွှတ်တော် အစည်းအဝေးအပြီး မြန်မာတိုင်း(မ်)ကို ပြောကြားခဲ့သည်။

ထိုသို့ တရားမဝင်တူးဖော်ခြင်းများကို တားဆီးဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာနယ်မြေ
အေးချမ်းရန် လိုအပ်ပြီး လုပ်ငန်းကျွမ်းကျင်သည့် ပညာရှင်များလည်း လိုအပ်သည်ဟု ဦးစောမိုးမြင့်က
ဆိုသည်။

"ဒီပညာရှင်တွေရဲ့ ကြီးကြပ်မှု၊ ကွပ်ကဲမှု၊ စစ်ဆေးမှုတွေ လုပ်နိုင်ဖို့ အစိုးရအပြင် ပြည်သူလူထုနဲ့
တူးဖော်ထုတ်လုပ် ရင်းနှီးမြှုပ်နှံတဲ့ ကုမ္ပဏီတွေကလည်း ပူးပေါင်းဖို့လိုတယ်" ဟု ၄င်းက ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် သတ္တုသယံဇာတများ တူးဖော်ထုတ်လုပ်သည့်အခါ ပညာရှင်များ၏ အစီအမံ
အတိုင်းလိုက်နာ ဆောင်ရွက်ခြင်းမရှိကြောင်း၊ ထိုကိစ္စနှင့် ပတ်သက််ပြီး ကြီးကြပ်ကွပ်ကဲ
စစ်ဆေးမှုများကို ဌာနဆိုင်ရာ အဖွဲ့အစည်းများက အကြောင်းအမျိုးမျိုးကြောင့် မဆောင်ရွက်နိုင်ကြသည့်
အတွက် ရေ၊ မြေ၊ တော၊ တောင် သဘာဝများ ပျက်စီးနေကြသည်ကို တွေ့ရှိရကြောင်း ဦးစောမိုးမြင့်က
ဆိုသည်။

"ဒါတွေကို မှန်ကန်တဲ့ နည်းလမ်းနဲ့ ထိန်းကျောင်းပြုပြင်သွားမယ်လို့ ယုံကြည်ပါတယ်၊ ကျွန်တော်တို့
ကော်မတီအနေနဲ့လည်း ပျက်စီးနေတဲ့ သယံဇာတကြောင့် ပျက်စီးတဲ့ ရေ၊ မြေ၊ တော၊ တောင်တွေကို
သူ့နဂိုအတိုင်း ပြန်ဖြစ်အောင် ကြိုးစားလုပ်ကိုင်သွားမယ်ဆိုတာ ပြောချင်ပါတယ် ” ဟု
၄င်းက ပြောသည်။

ဒုတိယအကြိမ်လွှတ်တော် သက်တမ်းအတွက် ဖွဲ့စည်းမည့် အမျိုးသားလွှတ်တော်၊ သတ္တုသယံဇာတနှင့်
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကော်မတီကို အဖွဲ့ဝင်ကိုယ်စားလှယ် ၁၅ ဦးဖြင့် ဖွဲ့စည်းရန်
ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ကျင်းပသည့် အမျိုးသားလွှတ်တော်အစည်းအဝေးတွင်် ကိုယ်စားလှယ်
အမည်စာရင်း တင်သွင်းခဲ့သည်။

အဆိုပါကော်မတီတွင် ဥက္ကဋ္ဌအဖြစ် မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)မှ
လွှတ်တော်ကိုယ်စားလှယ် ဦးကျော်သီဟ၊ အတွင်းရေးမှူးအဖြစ် ဧရာဝတီတိုင်းဒေသကြီးမဲဆန္ဒနယ်မှ
လွှတ်တော်ကိုယ်စားလှယ် ဦးစပ်ခင်ဇော်ဝင်းတို့ကို တာဝန်ပေးအပ်ခဲ့ပြီး အဖွဲ့ဝင်ကိုယ်စားလှယ်များမှာ
ဦးစောမိုးမြင့်၊ ဦးခင်မောင်မြင့်၊ ဦးရဲထွဋ်၊ ဦး ခင်မောင်ဝင်း၊ ဦးညီစိန်၊ ဒေါ်သီရိရတနာ၊ ဦးစိုင်းသာစိန်၊
ဒေါ်ရှားမူ၊ ဦးဟန်ဝင်းသိန်း၊ ဦးမြင့်နိုင်၊ ဦးထွန်းထွန်းဦး၊ ဦးမောင်မောင်အုန်းနှင့် တပ်မတော်သား
လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး ထွန်းမြင့်တို့ ဖြစ်ကြသည်။

ကော်မတီဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ခြင်းခံရသူ ဦးကျော်သီဟက သတ္တုက ထွက်ရှိလာသည့်
ပစ္စည်းများကို တိုင်းပြည်အတွက် မှန်မှန်ကန်ကန် အသုံးချနိုင်ရန်၊ အလွန်အကျွံထုတ်ယူ၊ သုံစွဲပြီးမှ
သဘာဝပတ်ဝန်းကျင်တွင် မပျက်စီးစေရေးအတွက် သတ္တုသယံဇာတများကို ထိန်းကျောင်းရန်စသည့်
အကြောင်းအရာများကြောင့် ကော်မတီကို ဖွဲ့စည်းရခြင်းဖြစ်သည်ဟု ဆိုသည်။

သတ္တုသယံဇာတများကို ထိန်းကျောင်းရာတွင် ကော်မတီအနေဖြင့် တရားဥပဒေနှင့်အညီ
ဆောင်ရွက်သွားမည်ဟုလည်း ၄င်းက ပြောသည်။

"တိုင်းပြည်အတွက် တွင်းထွက်သယံဇာတကလည်း အင်မတန် အရေးကြီးတဲ့ ကိစ္စဖြစ်ပါတယ်၊
အဲဒီဟာကို အလွန်ကျွံသုံးစွဲရင်းနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုတွေလည်း တိုင်းပြည်မှာ
အများကြီးရှိ သွားနိုင်တယ်၊ ဒါကြောင့်သတ္တုတွင်းဝန်ကြီးဌာနနဲ့ ပြည်သူတွေတစ်ရပ်လုံးမှာ ရှိနေတဲ့
အခြေအနေတွေကို် အပြန်အလှန် ထိန်းကျောင်းနိုင်ဖို့ ဒီကော်မတီကို ဖွဲ့ရတာပေါ့" ဟု
ဦးကျော်သီဟက ပြောသည်။

သတ္တုသယံဇာတဆိုသည်မှာ နှစ်ပေါင်းသန်းနှင့် ချီပြီးမှ ဖြစ်တည်လာသည့် အရင်းအမြစ်
ဖြစ်သောကြောင့် နိုင်ငံအတွက် အကျိုးရှိရှိ ရာနှုန်းပြည့် ထုတ်ယူသုံးစွဲပြီး ရေ၊ မြေ၊ တော၊ တောင်များကို
နဂိုမူလအတိုင်းပြန်ဖြစ်ရန် လုပ်ပေးရမည့် တာဝန်ရှိသည်ဟု ကော်မတီအဖွဲ့ဝင် ဦးစောမိုးမြင့်က
ဆိုသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး