တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)အဖွဲ့ဝင်အချို့တွင် နိုင်ငံရေးနည်းလမ်းဖြင့်သာ
ဆွေးနွေးလိုသူများ ရှိနေသည်ဟု ရှမ်းပြည်နယ်မဲဆန္ဒနယ်အမှတ်(၃)မှ အမျိုးသားလွှတ်တော်
ကိုယ်စားလှယ် ဦးစိုင်းဝမ်းလှိုင်းခမ်းက ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ပြောကြားလိုက်သည်။
“တစ်ချို့က သူတို့ရဲ့ ခံယူချက်တွေနဲ့ သူတို့ လက်နက်စွဲကိုင်တော်လှန်ကြပေမယ့်လည်း တကယ်တော့
စစ်ပွဲကို ဆင်နွှဲချင်နေကြတဲ့အဖွဲ့တွေမဟုတ်ဘူး၊ နိုင်ငံရေးနဲ့ ဆွေးနွေးချင်ကြတဲ့သူတွေပါ၊
ဒါကြောင့်လည်း အဲဒီဆွေးနွေးပွဲတွေမှာဆိုရင် အားလုံးပါ၀င်လာနိုင်ဖို့အတွက် ကျွန်တော်တို့
ကြိုးစားရမယ့်အပိုင်း ဖြစ်ပါတယ်လို့ ပြောချင်တယ် ” ဟု ၄င်းက မြန်မာတိုင်း(မ်)ကို ပြောသည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ နှစ်ဆယ်ကျော်ရှိသည့်အနက် အဖွဲ့ရှစ်ဖွဲ့သာ တစ်နိုင်ငံလုံး
အပစ်အခတ် ရပ်စဲရေးသဘောတူစာချုပ်တွင် လက်မှတ်ရေးထိုးလာခြင်းသည် ငြိမ်းချမ်းရေးတွင်
ပါ၀င်လာမှု အင်မတန် အားနည်းေနေပြီး ဖေဖော်ဝါရီလတတိယပတ်အတွင်း
တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)နှင့် မြန်မာ့တပ်မတော်တို့အကြား
ဖြစ်ပွားခဲ့သော တိုက်ပွဲသည် လုံးဝမဖြစ်သင့်ကြောင်း ဦးစိုင်းဝမ်းလှိုင်းခမ်းက ဆိုသည်။
"ကိုယ့်ယုံကြည်ချက်နဲ့ ကိုယ်လုပ်နေကြတော့ မဖြစ်သင့်တဲ့ကိစ္စတွေ ဖြစ်လာတယ်၊ မထိတွေ့သင့်တဲ့
ကိစ္စတွေမှာ ထိတွေ့မှုတွေဖြစ်လာတော့ ဘယ်လိုပဲဖြစ်ဖြစ် ပြည်သူလူထုကိုထိတာဘဲ၊ ဒါကြောင့်
အမြန်ဆုံးငြိမ်းချမ်းရေးကို ဖော်ဆောင်ဖို့ လိုအပ်တယ်၊ အခုလွှတ်တော်မှာ အကူးအပြောင်းကတော့
ကောင်းကောင်း လေးဖြစ်သွားပြီ၊ အစိုးရကိစ္စ(အာဏာလွှဲပြောင်းရေး)မှာလည်း အောင်မြင်စေချင်တယ်၊
ဒါမှ ငြိမ်းချမ်းရေးဆီကို မြန်မြန်သွားနိုင်မှာလေ၊ ကျွန်တော်ကတော့ အဲဒီလိုဘဲ မှတ်ချက်ပေးချင်ပါတယ်"
၄င်းက ပြောသည်။
မကြာမီ ပေါ်ပေါက်လာတော့မည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အစိုးရသစ်အနေဖြင့်
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်တွင် လက်ရှိလက်မှတ်ရေးထိုးပြီးသား
လက်နက်ကိုင်အဖွဲ့များက ပါ၀င်လာစေရန် လုပ်ဆောင်ပေးနိုင်မည်ဟု ယုံကြည်ထားသည်။
သို့သော်လည်း လက်ရှိအခြေအနေအရ လက်မှတ်ရေးထိုးရေးတွင် ပါ၀င်လာဖို့အတွက် အဟန့်အတား
ဖြစ်သွားနိုင်သည်ဟု ကြားနေရကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဝမ်းလှိုင်းခမ်းက
ပြောသည်။
"ကျွန်တော်အနေနဲ့တော့ မြန်မြန်ငြိမ်းချမ်းရေး ပြုလုပ်စေချင်တယ်ဗျ၊ ဒီဘက်သက်ဆိုင်ရာအစိုးရနဲ့
လက်နက် ကိုင်အဖွဲ့တွေ အမြန်ဆုံးလက်မှတ်ရေးထိုးစေချင်တယ်၊ လက်မှတ်ရေးထိုးသလို တစ်ဘက်နဲ့
တစ်ဘက်ကို လေးစားမှုရှိရမှာပေါ့လေ၊ အပြုတ်တိုက်တဲ့ ပုံစံမျိုးမဖြစ်စေချင်ဘူး၊ တစ်ဖွဲ့နဲ့ တစ်ဖွဲ့
လေးစားသမှုပြုပြီးတော့ ငြိမ်းချမ်းရေးကိစ္စတွေကို ဆွေးနွေးစေချင်တယ်ဗျ၊ ဒါမှ ပြည်သူတွေ အေးချမ်းမှာ၊
နောက်တစ်ခုက ဘယ်လိုပဲဖြစ်ဖြစ် ပြည်သူတွေဘဲ ထိနေတယ်ဆိုတော့ တိုင်းရင်းသားပြည်သူတွေကို
ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်တစ် ယောက်အနေနဲ့ဆိုတော့ လုံးဝစိတ်မကောင်းဘူး၊ ဒါကြောင့်
ဒီကိစ္စကို အမြန်ဆုံးဖြေရှင်းစေချင်တယ်၊ ဒီအတိုင်းဘဲ လွှတ်ထားရင်တော့ နစ်နာမှုတွေ
ပိုများလာမှာပေါ့" ဟု ၄င်းက ပြောသည်။
















