ကျန်းမာရေးဝန်ကြီးဌာနက ယခုနှစ် ဧပြီလတွင်ပြုလုပ်မည့် ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်၌
ပြင်းထန် အဆုတ်ရောင်ရောဂါ ကာကွယ်ဆေးအသစ် (Pneumo-coccal VaccinePCV 10) ကို
ထပ်မံဖြည့်စွက် ထိုးနှံပေးသွားမည်ဟု ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ
သန်းအောင်က ဖေဖော်ဝါရီ ၁၈ ရက်တွင် ပြောသည်။
အဆိုပါအစီအစဉ်ကို အစိုးရ၏ ထည့်ဝင်ငွေနှင့် GAVI Vaccine Alliance တို့၏ ပံ့ပိုးငွေတို့ဖြင့်
ဆောင်ရွက်သွားမည်ဟုဆိုသည်။
''ကမ္ဘာ့နိုင်ငံတွေနဲ့ အာဆီယံနိုင်ငံတွေနည်းတူ ကာကွယ်ဆေးအသစ်တွေ တိုးချဲ့ထည့်သွင်းထိုးနှံပြီး ကူးစက်ရောဂါတွေကနေပိုမိုကာကွယ်နိုင်အောင် ဆောင်ရွက်နေသလိုရောဂါအမြစ်ပြတ်အောင်
ဆောင်ရွက်နေတဲ့ နေရာမှာ ပိုလီယို အကြောသေရောဂါကို ဦးစားပေးလုပ်ငန်းအနေနဲ့ ဆောင်ရွက်
နေပါတယ်''ဟု ၄င်းက ပြောသည်။
မြန်မာနိုင်ငံတွင်း ဒေသအလိုက် ကာကွယ်ဆေးတိုက်နေ့များ ဆောင်ရွက်ခဲ့ရာ ၂ဝ၁၆ခုနှစ်၊ ဇန်နဝါရီ
အထိ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လွှမ်းခြံုနိုင်မှုမှာ ၉၉ ဒသမ ၈ရာခိုင်နှုန်းရှိခဲ့သဖြင့် နိုင်ငံတကာ
လေ့လာသူများက ကွင်းဆင်းလေ့လာ ကြည့်ရှုခဲ့ကြပြီး အသိအမှတ်ပြုမှုများလည်း ရှိခဲ့ကြောင်း၊
ယင်းသို့ ကူညီဆောင်ရွက်ပေးခဲ့သည့် အဖွဲ့အစည်းများကို ကျေးဇူးတင်ကြောင်း ဝန်ကြီးကပြောကြား
သည်။
''ဖုန်းဆက်သွယ် မရတဲ့နေရာတွေမှာအဆင်ပြေအောင်ကူညီတယ်။ လုံခြံုရေးကိစ္စတွေအတွက်လည်း
အကူအညီပေးပါတယ်'' ဟု ပြည်သူ့ကျန်းမာရေး၊ ကူးစက်ရောဂါတိုက်ဖျက်ရေးဌာန ညွှန်ကြားရေးမှူး၊
ဒေါက်တာ သန်းထွန်းအောင်က ပြောသည်။မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာနှင့်နှိုင်းယှဉ်ပါက
ယင်းကဲ့သို့ ဝေးလံခေါင်သီသော အရပ်ဒေသများရှိ မြို့နယ်အရေအတွက်မှာ မြို့နယ် ၂ဝ ခန့်ရှိပြီး
နှစ်ရာနှုန်းခန့် ရှိသည်ဟု ဆိုသည်။
















