အမျိုးသားလွှတ်တော် သတ္တုသယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကော်မတီ ဖွဲ့စည်း

အမျိုးသားလွှတ်တော် သတ္တုသယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကော်မတီ ဖွဲ့စည်း

 

သတ္တုသယံဇာတများ တရားမဝင် တူးဖော်ခြင်းကို တားဆီးသွားရန် သတ္တုသယံဇာတနှင့်ပတ်ဝန်းကျင်
ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီကို အဖွဲ့ဝင်ကိုယ်စားလှယ် ၁၅ ဦးဖြင့်ဖွဲ့စည်းရန် အမျိုးသားလွှတ်တော်
က ဖေဖော်ဝါရီ ၂၂ ရက်တွင် အတည်ပြုလိုက်သည်။

အဆိုပါကော်မတီ ဖွဲ့စည်းရန်နှင့် ပါဝင်မည့် ကိုယ်စားလှယ်အမည်စာရင်းကို ဖေဖော်ဝါရီ ၁၉ ရက်က
ကျင်းပသည့် အမျိုးသားလွှတ်တော်အစည်းအဝေး၌ တင်သွင်းခဲ့သည်။''နိုင်ငံအတွင်းမှာ တရားမဝင်
တူးဖော်နေတာတွေကို ဒီလွှတ်တော်သက်တမ်း ငါးနှစ်အတွင်းမှာ တားဆီးဖို့ လုပ်ရမယ်'' ဟု သတ္တု
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီအဖွဲ့ဝင် လွှတ်တော်ကိုယ်စားလှယ်
ဦးစောမိုးမြင့်က ဖေဖော်ဝါရီ ၁၉ ရက်တွင် ပြောကြားသည်။

ထိုသို့ တရားမဝင် တူးဖော်ခြင်းများကိုတားဆီးနိုင်ရေးအတွက် သက်ဆိုင်ရာနယ်မြေအေးချမ်းရန် လိုအပ်ပြီး
ပညာရှင်များလည်း လိုအပ်သည်ဟု ဦးစောမိုးမြင့်က ပြောသည်။''ဒီပညာရှင်တွေရဲ့ ကြီးကြပ်မှု၊ ကွပ်ကဲမှု၊
စစ်ဆေးမှုတွေ လုပ်နိုင်ဖို့ အစိုးရအပြင် ပြည်သူလူထုနဲ့ တူးဖော်ထုတ်လုပ် ရင်းနှီးမြှုပ်နှံတဲ့ ကုမ္ပဏီတွေက
လည်း ပူးပေါင်းဖို့လိုတယ်'' ဟု ¤င်းက ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် သတ္တုသယံဇာတများ တူးဖော်ထုတ်လုပ်သည့်အခါ ပညာရှင်များ၏ အစီအမံ
အတိုင်း လိုက်နာ ဆောင်ရွက်ခြင်းမရှိကြောင်း၊ ထိုကိစ္စနှင့် ပတ်သက်ပြီး ကြီးကြပ်ကွပ်ကဲ စစ်ဆေးမှုများကို
ဌာနဆိုင်ရာအဖွဲ့အစည်းများက မဆောင်ရွက်နိုင်ကြသည့်အတွက် ရေ၊ မြေ၊ တော၊ တောင် သဘာဝများ
ပျက်စီးနေကြရကြောင်း ဦးစောမိုးမြင့်က ပြောသည်။

အဆိုပါကော်မတီတွင် ဥက္ကဋ္ဌအဖြစ်မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)မှ လွှတ်တော်
ကိုယ်စားလှယ် ဦးကျော်သီဟ၊ အတွင်းရေးမ·းအဖြစ် ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် လွှတ်တော်
ကိုယ်စားလှယ် ဦးစပ်ခင်ဇော်ဝင်းတို့ကို တာဝန်ပေးအပ်ခဲ့ပြီး အဖွဲ့ဝင်ကိုယ်စားလှယ်များမှာ ဦးစောမိုးမြင့်၊
ဦးခင်မောင်မြင့်၊ ဦးရဲထွဋ်၊ ဦးခင်မောင်ဝင်း၊ ဦးညီစိန်၊ ဒေါ်သီရိရတနာ၊ ဦးစိုင်းသာစိန်၊ ဒေါ်ရှားမူ၊ ဦးဟန်ဝင်း
သိန်း၊ ဦးမြင့်နိုင်၊ ဦးထွန်းထွန်းဦး၊ ဦးမောင်မောင်အုန်းနှင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်
ဒုတိယဗိုလ်မှူးကြီးထွန်းမြင့်တို့ ဖြစ်သည်။

ကော်မတီဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ခြင်းခံရသူ ဦးကျော်သီဟက သတ္တုက ထွက်ရှိလာသည့်
ပစ္စည်းများကို တိုင်းပြည်အတွက်မှန်မှန်ကန်ကန် အသုံးချနိုင်ရန်၊ အလွန်အကျွံထုတ်ယူ သုံးစွဲပြီး
သဘာဝပတ်ဝန်းကျင် မပျက်စီးစေရေးအတွက် သတ္တုသယံဇာတများကို ထိန်းကျောင်းရန် စသည့်
အကြောင်းအရာများကြောင့် ကော်မတီကို ဖွဲ့စည်းရခြင်းဖြစ်သည်ဟု ဆိုသည်။သတ္တုသယံဇာတများ
ကို ထိန်းကျောင်းရာတွင် ကော်မတီက တရားဥပဒေနှင့်အညီ ဆောင်ရွက်သွားမည်ဟုလည်း ၄င်းက
ပြောသည်။

''တိုင်းပြည်အတွက် တွင်းထွက် သယံဇာတကလည်း အင်မတန် အရေးကြီးတဲ့ကိစ္စ ဖြစ်ပါတယ်။
ဒါကြောင့် သတ္တုတွင်းဝန်ကြီးဌာနနဲ့ ပြည်သူတွေတစ်ရပ်လုံးမှာ ရှိနေတဲ့ အခြေအနေတွေကို အပြန်
အလှန် ထိန်းကျောင်းနိုင်ဖို့ ဒီကော်မတီကိုဖွဲ့ရတာပေါ့'' ဟု ဦးကျော်သီဟက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး