စစ်ကိုင်း၊ မကွေးနှင့် ဧရာဝတီတိုင်းဒေသကြီး သုံးခုတွင် အပူရှိန်မြင့် မားနေသည့် အယ်လ်နီညို
ရာသီဥတုဒဏ် ကြောင့် ဖြစ်ပေါ်လာနိုင်မည့် သဘာဝဘေးအန္တရာယ်များကာကွယ်ရေးအတွက်
ကြိုတင်ပြင်ဆင်မှုများ စတင်ဆောင်ရွက်နေပြီဖြစ်သည်ဟု ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ
ချထားရေးဦးစီးဌာန၊ ဒုတိယညွှန်ကြား ရေးမှူး ဒေါ်မြတ်မိုးသွယ်က ပြောကြားသည်။
“ အဓိကကတော့ ဧရာဝတီမှာ စလုပ်တယ်၊ စစ်ကိုင်းနဲ့ မကွေးတို့ဘက် မှလည်း စနေပါပြီ၊ ပြီးခဲ့တဲ့
ဇန်နဝါရီ လကတည်းက ကြိုတင်ပြင်ဆင် စလုပ်နေတာပါ၊ ညွှန်ကြားချက်ကတော့ ပြီးခဲ့တဲ့လ
ကတည်းက ထွက်ထား တာပါ ” ဟု ၄င်းက ဖေဖော်ဝါရီလ ၂၅ရက်နေ့တွင် ပြောကြားခဲ့သည်။
အယ်လ်နီညိုကြောင့် သဘာဝဘေးကျရောက်မှုမှ ကာကွယ်ရန် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့်
ပူးပေါင်းပြီး ဘေးဖြစ်နိုင်သည့် နေရာများတွင် ပစ္စည်းများ စုပုံထားပြီးဖြစ်သည်ဟု ဒေါ်မြတ်မိုးသွယ်
က ပြောသည်။
“ ရေနဲ့ ပတ်သက်တဲ့ ပစ္စည်းတွေ၊ သန့်ရှင်းရေးနဲ့ ပတ်သက်တဲ့ ပစ္စည်းတွေပေါ့၊ နောက်ပြီး မိုးကာ
စတွေကို လည်း အဲဒီဒေသတွေမှာ စုပုံထားပါတယ်၊ ရေပုံးတွေကို လိုအပ်တဲ့အချိန် စုဆောင်းနိုင်
အောင် ပြင်ဆင်ပေးထား တယ်၊ ဒါတွေက အရေးပေါ်ထောက်ပံ့ရေးလုပ်နိုင်ဖို့အတွက် ပြင်ဆင်ပေး
ထားတာပါ ” ဟု ၄င်းက ပြောသည်။
ထို့အပြင်ဆက်စပ်ဖြစ်ပေါ်လာနိုင်မည့် ရောဂါလက္ခဏများနှင့် ပတ်သက််ပြီး အသိပညာပေးလုပ်ငန်း
များကို သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရအဖွဲ့များနှင့် ချိတ်ဆက်ဆောင်ရွက်နေသည်ဟုလည်း
ဒုတိယညွှန်ကြားရေး မှူး ဒေါ်မြတ်မိုးသွယ်က ဆိုသည်။
“ကျွန်မတို့လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေနဲ့ အယ်လ်နီညို
ကြောင့် နောက်ဆက်တွဲဖြစ်လာနိုင်တဲ့ မီးဘေးတွေ၊ မိုးခေါင်ရေရှားဘေးတွေနဲ့ ပတ်သတ်တဲ့
အသိပညာပေး လုပ်ငန်းတွေကို ထိထိရောက်ရောက်ရှိဖို့အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး
အစိုးရအဖွဲ့တွေနဲ့ ပူးပေါင်း ဆောင်ရွက်ပါတယ် ” ဟု ၄င်းက ပြောသည်။
ဖေဖော်ဝါရီလ ၂၅ရက်နေ့ကပင် အာဆီယံဒေသတွင်း ၁၀နိုင်ငံနှင့် အခြားသောဖိုရမ်အဖွဲ့ဝင် ၁၆နိုင်ငံ
ပါ၀င်သည့် ၁၅ကြိမ်မြောက် သဘာဝဘေးကယ်ဆယ်ရေးဆိုင်ရာအစည်းအဝေးကို မြန်မာနိုင်ငံက
အိမ်ရှင် အဖြစ်ကျင်းပခဲ့ရာ အယ်လ်နီညို ရာသီဥတုဖြစ်စဉ်ကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြသည်။
မြန်မာနိုင်ငံက တရုတ်၊ ဂျပန်နိုင်ငံတို့နှင့် ပူးတွဲဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသော အဆိုပါဖိုရမ်တွင်
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး
ဒေါ်မြတ်မြတ်အုန်းခင်က အား ပြင်းသည့် အယ်လ်နီညို၏ နောက်ဆက်တွဲအန္တရယ်များဖြစ်သော
မီးဘေး၊ မိုးခေါင်ရေရှားဘေးနှင့် ကျန်းမာရေးဆိုင်ရာအန္တရာယ်များကို ဖြေရှင်းနိုင်ရေးအတွက်
အာဆီယံဒေသတွင်း ကြိုတင်ပြင်ဆင်မှုလုပ် ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားကြရန်
တိုက်တွန်းခဲ့သည်။
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဝင်းထိန်ကျော်ကလည်း
“ အယ်လ်နီ ညိုနဲ့ ပတ်သက်ပြီး တစ်ချို့က နည်းနည်းစိမ်းနေတော့ အယ်လ်နီညိုဆိုတာ ဘာလဲ၊
ဖြစ်လာပြီဆိုရင် ဘာတွေ ဆောင်ရွက်သင့်လဲ၊ ဘာတွေ လိုက်နာသင့်လဲ၊ ဘာတွေ ရှောင်ကျဉ်သင့်လဲ၊
ဒါတွေကို အဓိက သိဖို့လိုပါတယ်၊ အရေးကြီးတာက ပြည်သူလူထုအနေနဲ့ အယ်လ်နီညိုအပါအဝင်
တခြားသဘာဝဘေးအန္တရာယ်တွေနဲ့ ပတ် သက်ပြီး အသိပညာရရှိဖို့ကို ဦးစားပေးဆောင်ရွက်နေ
ပါတယ် ” ဟု ပြောကြားသည်။
အယ်လ်နီညိုကြောင့် သောက်သုံးရေမပြတ်လပ်စေရန် ကျန်းမာရေးဝန်ကြီးဌာနနှင့်လည်း ပူးပေါင်း
ဆောင်ရွက် လျက်ရှိသည်ဟုလည်း ၄င်းက ဆိုသည်။ “ သဘာဝဘေးဆိုတာ အားလုံးသိတဲ့အတိုင်း တားဆီးလို့မရဘူး၊ ဖြစ်ပေါ်လာမယ်ဆိုလို့ရှိရင် ထိခိုက်ဆုံးရှုံးမှု နည်းပါးအောင်၊ လူ့အသက်နဲ့
ပိုင်ဆိုင်မှုတွေ ဆုံးရှုံးမှုနည်းပါးအောင် ကြိုတင်ပြင်ဆင်တဲ့ နည်းနဲ့ ဆောင်ရွက်ရ တာဖြစ်ပါတယ်၊
အယ်လ်နီညိုက တစ်နိုင်ငံလုံးမှာ ဖြစ်နေတာကို ပြည်သူလူထုအနေနဲ့ သိရှိထားပြီးဖြစ်လို့ ပေါ့ပေါ့
ဆဆမနေဘဲ သက်ဆိုင်ရာ ဦးစီးဌာန၊ ၀န်ကြီးဌာနတွေက လမ်းညွှန်ထားတဲ့အတိုင်း ဆောင်ရွက်ဖို့
အ တွက် အကြံပြုချင်ပါတယ် ” ဟု ဦးဝင်းထိန်ကျော်က ပြောသည်။

















