တပ်မတော်ဘက်က တာဝန်ယူခန့်အပ်သွားမည်ဆိုသည့် ရခိုင်နှင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ်နေရာ
အတွက် ထွက်ပေါ်နေသော သတင်းများသည် ကောလဟာလများသာဖြစ်သည်ဟု အမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးထွန်းထွန်းဟိန်က ဖေဖော်ဝါရီ်လ ၂၈
ရက်နေ့တွင် မြန်မာတိုင်း(မ်)ကို ပြော ကြားလိုက်သည်။
“ အခုဟာက ကောလဟာလတွေက အများကြီးဘဲလေ၊ အင်န်အယ်လ်ဒီက ၅၉(စ)ပြင်တာတို့
ဘာတို့အများကြီးဘဲ၊ အဲဒါတွေကိုလိုက်ပြီးတော့ ပြောနေမယ်ဆိုလို့ရှိရင်တော့ ပြီးတော့မှာ မဟုတ်ပါ
ဘူး ” ဟု ၄င်းက အဆိုပါနေ့က နေပြည်တော်ရှိ အင်န်အယ်လ်ဒီပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်
နေအိမ်တွင် ပြုလုပ်သည့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့အစည်းအဝေးအပြီး ပြောကြားခဲ့ခြင်းဖြစ်သည်။
လက်ရှိထွက်ပေါ်နေသော သတင်းများအရ တပ်မတော်က ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နေရာအတွက်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် ပုဂ္ဂိိုလ်များဖြစ်ကြသည့် လက်ရှိအစိုးရက ရခိုင်ပြည်နယ်
၀န်ကြီး ချုပ်အဖြစ် တာဝန်ပေးထားခဲ့ဖူးသည့် ဗိုလ်မှူးချုပ်(အငြိမ်းစား) ဦးမောင်မောင်အုန်းကို
လည်းကောင်း၊ ရှမ်းပြည် နယ်ဝန်ကြီးချုပ်နေရာအတွက်ကိုမူ ယခင်အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊
တိုင်းမှူးအဖြစ် တာဝန်ထမ်း ဆောင်ခဲ့ဖူးသူ ဒုတိယဗိုလ်ချုပ်ကြီး (အငြိမ်းစား)ဦးေအောင်သန်းထွဋ်ကို
လည်းကောင်း လျာထားသည်ဟု ဆို သည်။
ယခုပြုလုပ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့အစည်းအဝေးတွင်
အဖွဲ့ ၀င် ၁၅ဦးလုံး တက်ရောက်ခဲ့ပြီး အစိုးရဖွဲ့စည်းရေး၊ သမ္မတတင်မြောက်ရေး ကိစ္စများမပါ၀င်ဘဲ
ပုံမှန်အစည်း အဝေးတစ်ခုသာဖြစ်သည်ဟုလည်း ဦးထွန်းထွန်းဟိန်က ဆိုသည်။
“ ဒီနေ့လုပ်တာကတော့ ပုံမှန် အစည်းအဝေးပါဘဲ၊ ပါတီလုပ်ငန်းနဲ့ ပတ်သက်တဲ့ ပုံမှန်အစည်းအဝေးလေး
လုပ်တာပါ၊ တခြား ထူးထူးဆန်းဆန်းမပါ ပါဘူး၊ သမ္မတရွေးဖို့လည်း မပါသေးပါဘူး ” ဟု ၄င်းက
အစည်းအဝေးအပြီး သတင်းထောက်များကို ပြောကြားသည်။
အစည်းအဝေးကို မွန်းလွဲ ၁နာရီမှ ၂နာရီခွဲအချိန်အထိပြုလုပ်ခဲ့ပြီး ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်၊
ပြောရေးဆို ခွင့်ရှိသူ ဦးဝင်းထိန်ကလည်း ပါတီအတွင်း စည်းကမ်းကိစ္စများနှင့် တိုင်ကြားစာကိစ္စများ
အတွက်သာ ဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။ “ ပါတီရဲ့ စည်းကမ်းကိစ္စနဲ့ တိုင်ကြားစာကိစ္စတွေကိုဘဲ
ဆွေနွေးတာ၊ တခြားတော့ ထွေထွေထူးထူးမရှိပါဘူး ” ဟု ၄င်းက ပြောကြားခဲ့သည်။
ထပ်မံပြုလုပ်သွားမည့် ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးနှင့် ပတ်သက်ပြီး လေး၊ ငါးရက်ခန့်
ကြိုတင် အသိပေးသွားမည်ဟုလည်း သိရသည်။
















