လာမည့် နွေရာသီကာလတွင် အယ်လ်နီညို ဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံအတွင်းရှိ မြို့နယ် ၁၇၆ မြို့နယ်မှ
ကျေးရွာ ၉၁၈ ရွာတွင် ရေရှားပါးပြတ်လပ်နိုင်ခြေရှိနေပြီး နေ့စဉ် သောက်သုံးရေ ဂါလန် လေးဒသမ
လေးသန်းခန့် လိုအပ်မည်ဖြစ်ကြောင်း မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ၀န်ကြီးဌာန
အမြဲတမ်းအတွင်းဝန် ဒေါက်တာ ခင်ဇော်က ပြောသည်။
မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက် ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနတွင် ဖေဖော် ၀ါရီ ၂၅ ရက်က
ကျင်းပသည့် သတင်းမီဒီယာများတွေ့ဆုံပွဲ၌ ပြောကြားခဲ့ခြင်းဖြစ်သည်။
အယ်လ်နီညိုကာလအတွင်း ရေရှားပါး ပြတ်လပ်နိုင်သည့် အဆိုပါ မြို့ရွာများသည် ရခိုင်ပြည်နယ်နှင့်
ဧရာဝတီတိုင်းဒေသကြီးတို့အတွင်းမှ အများဆုံးဖြစ်သည်။
ပင်လယ်ရေ ၀င်ရောက်မှုများသည့်မြို့နယ်များနှင့် ရေချို ရှားပါးသည့် အခြားမြို့နယ်များလည်း
ပါ၀င်သည်။
မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက် ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနက အထက်ပါ မြို့နယ်များနှင့်
ရုတ်တရက် ရေပြတ်လပ်မှု ကြံုတွေ့နိုင်သည့် မြို့နယ်များရှိလာပါက လတ်တလောဖြေရှင်းပေးမည့်
အစီအမံများ၊ ဒေသအလိုက် ရေရှည်ဆောင်ရွက်သင့်သည်များကို သက်ဆိုင်ရာ ပြည်နယ်နှင့်
တိုင်းဒေသကြီးအလိုက် ဖော်ထုတ်၍ ကျေးလက်ရေ ရရှိရေး ကာလတို၊ ကာလရှည်စီမံကိန်းများ
ရေးဆွဲဆောင်ရွက်နေသည်ဟု ဒေါက်တာ ခင်ဇော်က ပြောသည်။
"ရေလိုအပ်မယ့်နေရာတွေကို သောက်သုံးရေသယ်ပို့ဖြန့်ဝေဖို့ ကားတွေ၊ မော်တော်တွေ၊ စက်လှေတွေ
မော်တော်ဆိုင်ကယ်တွေ သုံးပါမယ်။ လိုအပ်မယ့် စက်သုံးဆီ ၂၂,၄၃၁ ဂါလန်အတွက်
ခန့်မှန်းကုန်ကျငွေကျပ် ရ၈ ဒသမ ငါးသန်းကို အရန်သင့်သုံးစွဲနိုင်ရေး တင်ပြ ပြင်ဆင်ထားပြီး
အရေးပေါ်ကာလအတွင်း ချက်ချင်းအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် စီမံနေပါတယ်"ဟု
၎င်းက ပြောသည်။
ထို့ပြင် နိုင်ငံတွင်း အယ်လ်နီညိုဖြစ်စဉ် သက်ရောက်မှုကြောင့် ကျေးလက်ဒေသများတွင် ရေရှားပါးမှု
ဖြစ်ပွားသည်နှင့် ချက်ချင်းဆက်သွယ်ဆောင်ရွက်နိုင်ရန် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး
ဦးစီးဌာနရုံးချုပ် အပါအဝင် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရုံးများ၏ ဆက်သွယ်ရန်တာဝန်ခံများ၏
အမည်၊ ရာထူး၊ တယ်လီဖုန်းနံပါတ်များကိုလည်း လူထု အတွင်း ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်
ယင်းဦးစီးဌာနက ဆောင်ရွက်ထားရှိပြီးဖြစ်သည်။
















