အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရှိ နာမည် နှစ်လုံးရှိသည့် ပုဂ္ဂိိုလ် သမ္မတဖြစ်လိမ့်မည်ဟု
ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်က မတ်လ ၆ ရက်နေ့က ပြောကြားလိုက်သည်။
"သမ္မတဖြစ်မယ့်သူက နာမည် နှစ်လုံးတော့ပါတယ်" ဟု ၄င်းက ဒေါ်အောင်ဆန်းစုကြည်၏
နှင်းဆီစံအိမ်၌ ပြုလုပ်ခဲ့သည့် ဗဟိုအလုပ် အမှုဆောင်အဖွဲ့အစည်းအဝေးအပြီး နေပြည်တော်ရှိ
စည်ပင်ဧည့်ရိပ်သာတွင် သတင်းထောက်များကို ပြောကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါပြောကြားချက်အရ အင်န်အယ်လ်ဒီပါတီရှိ နာမည် နှစ်လုံးသာ ပါရှိသည့် ပုဂ္ဂိိုလ်များမှာ
ဦးတင်ဦး၊ ဦးဝင်းထိန်၊ ဦးဉာဏ်ဝင်းနှင့် ဒေါက်တာမျိုးအောင်တို့လည်း ရှိနေသည်။
သမ္မတ၊ ဒုတိယသမ္မတများ၏ အမည်စာရင်းကိုလည်း မတ်လ ၁၀ရက်နေ့တွင် ကျင်းပမည့်
ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ကြေညာသွားမည်ဖြစ်သည်။
မတ်လ ၆ ရက်နေ့က ပြုလုပ်သည့် အင်န်အယ်လ်ဒီပါတီ၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့
အစည်းအဝေးတွင်မူ အဖွဲ့ဝင်များက အထက်ပါကိစ္စနှင့် ပတ်သက််ပြီး ဆွေးနွေးခဲ့ခြင်း မရှိဟုလည်း
ဆိုသည်။
ထို့အတူ သတ်မှတ်ထားပြီးဖြစ်သည့် ပြည်နယ်နှင့် တိုင်းဒေသကြီးများ၏ ၀န်ကြီးချုပ်စာရင်းကိုလည်း
ထိုနေ့တွင် ထွက်ရှိခဲ့သော်လည်း အင်န်အယ်လ်ဒီပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းထိန်က
ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိခဲ့ပေ။
"သေချာသိချင်ရင်တော့ ၁၀ရက်နေ့မှဘဲ၊ အဲဒီအခါကျရင်တော့ တိတိကျကျသိရမယ်" ဟု
၄င်းက ပြောသည်။
ပါတီအနေဖြင့် ပုံမှန်ပြုလုပ်လေ့ရှိသည့် ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးတွင် အစိုးရဖွဲ့စည်းရေး၊
သမ္မတ တင်မြှောက်ရေးနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ် တာဝန်ပေးရေးကိစ္စများ
ဆွေးနွေးခဲ့သော်လည်း မည်သည့်အခါမှ တရားဝင်ထုတ်ဖော်ကြေညာပြောကြားခြင်းများ မရှိဘဲ
လျှို့ဝှက်သည့် အနေအထားဖြင့်သာ ရှိနေသည်။
သို့သော်လည်း သမ္မတသည် ပါတီဝင်ထဲကသာ ဖြစ်မည် ဖြစ်ပြီး ပြည်နယ်နှင့် တိုင်းဒေသကြီး
၀န်ကြီးချုပ်ကိစ္စမှာ ပြင်ပတွင် ထွက်ပေါ်နေသည့် စာရင်းအတိုင်းသာ ဖြစ်တယ်ဟု ဦးဝင်းထိန်က
ဆိုသည်။
ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်းကလည်း အစိုးရသစ်က တိုင်းပြည်အတွက်
အပြောင်းအလဲပြုလုပ်သွားမည်ဟု ယခုပြုလုပ်ခဲ့သော အစည်းအဝေးအပြီး ပြောကြားခဲ့သည်။
ထိုအစည်းအဝေးနှင့် ပတ်သက်ပြီး ၄င်းအား မီဒီယာများက မေးမြန်းရာတွင် သမ္မတတင်မြှောက်ရေး
ကိစ္စ၊ အစိုးရ ဖွဲ့စည်းရေး ကိစ္စများ ထည့်သွင်းဆွေးနွေးခဲ့ခြင်းမရှိဟုလည်း ပြောကြားခဲ့သည်။
"အကြောင်းအရာတွေ တော်တော်များများဆွေးနွေးဖြစ်တယ်၊ ရှေ့လာမယ့် အစိုးရမှာ လုပ်ရမယ့်
အလုပ်တွေ ဆွေးနွေးဖြစ်တယ်၊ ဆုံးဖြတ်ချက် တစ်ခုမှ မရှိဘူး" ဟု ဦးဉာဏ်ဝင်းက ပြောသည်။
လက်ရှိအစိုးရသည် ယခုလ ၃၀ ရက်နေ့အထိ အာဏာရှိနေသေးပြီး ဧပြီလ ၁ ရက်နေ့မှသာ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက အစိုးရသစ်အဖြစ် စတင်နိုင်မည်ဖြစ်သည်ဟုလည်း
၄င်းက ဆိုသည်။
"ဒီနေ့ဆွေးနွေးတာ ဘာကိစ္စမှ မပါပါဘူး၊ ပုံမှန်အစည်းအဝေးပါဘဲ၊ ပါတီကိစ္စဆိုရင်
လွှတ်တော်ကိုယ်စားလှယ် ရုံးတွေ ဖွင့်ဖို့အတွက်ပါဘဲ၊ အဲဒါဆွေးနွေးဖြစ်ပါတယ်" ဟု
ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးထွန်းထွန်းဟိန်က ပြောသည်။

















