ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်
ဦးညီပု အား တာဝန်ပေးသွားမည်ဟု ပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းထိန်က မတ်လ ၄ ရက်နေ့တွင်
ပြောကြားလိုက်သည်။
"၀န်ကြီးချုပ်ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ပွဲမှာ နိုင်တဲ့ပါတီဘဲ ခန့်ရမှာလေ၊
ဒါကြောင့်မို့လို့ ရခိုင်မှာဆိုရင် ကျွန်တော်တို့က လူနည်းစုဆိုသော်လည်းဘဲ ဦးညီပုက
၀န်ကြီးချုပ်ဖြစ်မယ်၊ ဒါကတော့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က ပြောပြီးပြီ" ဟု
၄င်းက ပြောသည်။
အခြားသော ပြည်နယ်နှင့် တိုင်းဒေသကြီးများ၏ ၀န်ကြီးချုပ်နေရာအတွက် မည်သူ့ကို
တာဝန်ပေးမည်ကို အသင့်လုပ်ထားပြီး ထုတ်ဖော်မပြောလိုသေးဟု ဦးဝင်းထိန်က ဆိုသည်။
"တစ်ခုရှိတာက ရခိုင်လိုနေရာမျိုး၊ ရှမ်းလိုနေရာမျိုး ကျွန်တော်တို့က အားနည်းတယ်၊
အားနည်းတဲ့အတွက် အားကောင်းတဲ့ပါတီတွေက ပုဂ္ဂိုလ်တွေလည်း ကျွန်တော်တို့က
ထည့်ပြီးစဉ်းစားမယ်" ဟုလည်း ၄င်းက ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ကလည်း ရခိုင်နှင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ်နေရာအတွက်
တပ်မတော်က တာဝန်ယူ ခန့်အပ်သွားမည်ဆိုသည့်ကိစ္စမှာ မဟုတ်မှန်ကြောင်း အင်န်အယ်လ်ဒီ
ပါတီဘက်က ပြောကြားထားသည်။
ထို့အပြင် တပ်မတော်က ၀န်ကြီးချုပ်နေရာ လေးနေရာ တောင်းဆိုထားသည်ဟု
ထပ်မံသတင်းထွက်နေသည့် ကိစ္စမှာလည်း ကောလဟာလသာဖြစ်သည်ဟုလည်း
ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် တစ်ဦးဖြစ်သူ ဦးဝင်းထိန်က ပြောကြားလိုက်သည်။

















