အကြောင်းအမျိုးမျိုးကြောင့် ၁၉၈၈ ခုနှစ်နောက်ပိုင်း ပြန်လည်ကျင်းပနိုင်ခြင်းမရှိခဲ့သည့် ပျဉ်းမနားမြို့၏
ပေါင်းလောင်းဖိတ်ခေါ် ဘောလုံးပြိုင်ပွဲကို ယခုနှစ်တွင်ပြန်လည်ကျင်းပနိုင်တော့မည်ဖြစ်ကြောင်း
ပြိုင်ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌ ဦးအောင်နိုင်ဦးက ပြောသည်။
မြန်မာနိုင်ငံ မြေလတ်ပိုင်းဒေသတွင်အထင်ကရပြိုင်ပွဲအဖြစ်ကျော်ကြားခဲ့သော ပေါင်းလောင်းဒိုင်းပြိုင်ပွဲ
ကို ပြန်လည်အသက်သွင်းရန်မြို့ခံလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးစိုးတင့်(စိုးလျှပ်စစ်ဖောင်ဒေးရှင်း)က
ငွေကြေးပ့ံပိုးထားခြင်းဖြစ်ပြီး လာမည့်မေ ၁ဝ ရက်တွင် စတင်ကျင်းပမည် ဖြစ်သည်။
''ပြိုင်ပွဲကို လာမယ့်မေ ၁ဝ ရက်မှာစတင်မယ်။ အသင်းစုစုပေါင်း ၁၆သင်းပါဝင်ယှဉ်ပြိုင်မယ်။ ဒီအတွက်
မန်နေဂျာ၊ အသင်းအုပ်ချုပ်သူများ အစည်းအဝေးလည်းလုပ်ပြီးပြီ''ဟု ၄င်းက မတ် ၅ ရက်တွင်
မြန်မာတိုင်း(မ်)ကိုပြောကြားခဲ့သည်။
ဘောလုံးအသင်း ၁၆ သင်းတွင်ပျဉ်းမနားမြို့နှင့် တပ်ကုန်းမြို့တို့ကအသင်းနှစ်သင်းစီ၊ လယ်ဝေး၊ ဇမ္ဗူသီရိ၊
ဥတ္တရသီရိ၊ ဇေယျာသီရိ၊ ပုဗ္ဗသီရိမြို့နယ်တို့ကအသင်းတစ်သင်းစီနေပြည်တော်က စုစုပေါင်း ကိုးသင်း
ယှဉ်ပြိုင်မည််ဖြစ်သည်။
ထို့့ပြင်နေပြည်တော်ပြင်ပအသင်းများအဖြစ် မန္တလေး၊ ပလိပ်၊ ပျော်ဘွယ်၊ ရမည်းသင်း၊ တောင်ငူ၊
ရေတာရှည်နှင့် တောင်တွင်းကြီးမြို့နယ်များကလည်း အသင်းတစ်သင်းစီပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း
၄င်းက ဆက်လက်ပြောကြားသည်။ ပေါင်းလောင်းဖိတ်ခေါ်ဒိုင်းသည် မြန်မာ့ဘောလုံး အဆင့်အတန်း
မြင့်မားခဲ့စဉ် ၁၉၇၃ ခုနှစ်ကတည်းကစတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး ထိုစဉ်ကမြန်မာနိုင်ငံအလယ်ပိုင်း
ဒေသတွင် ထင်ရှားခဲ့သောပြိုင်ပွဲတစ်ခုလည်းဖြစ်ခဲ့သည်။
''၁၉၈ဝ ကျော် ခုနှစ်လောက်တွေမှာဆိုရင် ဒီပြိုင်ပွဲကမြေလတ်ဒေသမှာအတော်လေးထင်ရှားခဲ့တယ်။
အဲဒါကြောင့် ပျဉ်းမနားက မန္တလေးတိုင်းဘောလုံးအသင်းအတွက် ကျောရိုးသဖွယ်ဖြစ်ခဲ့တယ်''ဟု
ဦးအောင်နိုင်ဦးက ဆိုသည်။
ထိုနှစ်များက မိတ္ထီလာမြို့တွင် ထီလာမောင်ဖိတ်ခေါ်ဒိုင်း၊ ရေနံချောင်းတွင် သခင်ဖိုးလှကြီး ဖိတ်ခေါ်ဒိုင်း
တို့ကပေါင်းလောင်းဒိုင်းနှင့်အတူ ခေတ်ပြိုင်ထင်ရှားခဲ့သည်။ ပေါင်းလောင်းဒိုင်းပြိုင်ပွဲအတွက်မြို့ခံဘောလုံး
ဝါသနာရှင်များကစိတ်ဆန္ဒပြင်းပြလျက်ရှိနေသကဲ့သို့ဦီးစိုးတင့်ကလည်း သုံး နှစ်စာအတွက် ငွေကြေးပိုင်း
တာဝန်ယူမည်ဖြစ်ကြောင်းကတိပေးထားသည့်အတွက် ယခုနှစ်အစိုးရသစ်သက်တမ်းမကုန်မီ
ဖေဖော်ဝါရီ ၂ဝ ရက်တွင်စတင်ကျင်းပပြီး မတ် ရ ရက်တွင်ပြိုင်ပွဲပြီးဆုံးရန်ကနဦးစီစဉ်ခဲ့ခြင်းဖြစ်သည်။
သို့သော်လည်းဒေသအာဏာပိုင်အဖွဲ့ဖြစ်သည့်နေပြည်တော်ကောင်စီက ကျောင်းသား များစာမေးပွဲ
ကျင်းပနေသည့်အချိန်၊ လုံခြုံရေးအခြေအနေ စသည့်အကြောင်းပြချက်များဖြင့် ခွင့်မပြုခဲ့သောကြောင့်
မေလသို့နောက်ဆုတ်ကျင်းပရန်စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း ၄င်းက ရှင်းလင်းပြောကြားသည်။
''ကျွန်တော်တို့က ဒီအစိုးရသက်တမ်းမကုန်ခင်လေးမှာ လုပ်ချင်ခဲ့တာပါ။ ဒါပေမဲ့နေပြည်တော်
ကောင်စီက လုံခြုံရေးစိုးရိမ်တာရယ်၊ ကျောင်းသားတွေ စာမေးပွဲဖြေဆိုချိန်ဆိုတာရယ်ကို
အကြောင်းပြပြီး ခွင့်မပြုခဲ့ဘူး။ ကျွန်တော်တို့ကလည်း ကိုယ့်မြို့ရဲ့အထင်ကရပွဲကိုပြန်လုပ်ချင်တာရယ်၊
တစ်ဖက်မှာလည်း ပါဝင်မယ့်အသင်းတွေ နဲ့ ဆွေးနွေးပြီးဖြစ်တာရယ်ကြောင့် ဆက်လုပ်မှာပါ။
အမှန်ဆိုရင် ပွဲစဉ်ဇယားတွေရေးဆွဲပြီးရုံမက ပြိုင်ပွဲအတွက် ၉ဝ ရာခိုင်နှုန်းကျော်ပြင်ဆင်ပြီးနေပြီ''ဟု
ဖေဖော်ဝါရီလအတွင်း ကျင်းပရန် ကြိုးစားခဲ့သော်လည်း မဖြစ်မြောက် ခဲ့သည့်အခြေအနေအပေါ်
၄င်းကရှင်းလင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ပျဉ်းမနားမြို့ခံ ဦးဇော်ဝင်းထွန်းကလည်း အဆိုပါပြိုင်ပွဲကို
ပြန်လည်ကျင်းပချင်နေကြောင်းပြောကြားသည်။
''ပျဉ်းမနားအသင်းက ပြိုင်ပွဲစတင်ကျင်းပတုန်းက သိပ်မအောင်မြင်ဘူး။ ဒါပေမဲ့ နောက်ပိုင်း
၁၉၈ဝ ပြည့်နှစ်လောက်မှာအောင်မြင်လာတယ်။ ၁၉၈၂ခုနှစ်မှာဆိုရင် ဒိုင်းဆုတွေတောင်ရခဲ့တယ်။
အဲဒီတုန်းကအားပေးခဲ့တဲ့သူ တိုင်းကတော့ ပြန်ကျင်းပနိုင်ရင်ပျော်မှာပဲ''ဟု ၄င်းက
ပြောကြားခဲ့သည်။
ပေါင်းလောင်းဒိုင်းဖိတ်ခေါ်ပြိုင်ပွဲကိုပြည်သူများကကိုယ့်အစီအစဉ်ဖြင့်ငွေကြေးနှင့်လုပ်အားများ
စိုက်ထုတ်ကာ ပြန်လည်ကျင်းပနိုင်ရန် ကြိုးစားခဲ့ကြခြင်းဖြစ်ပြီး နောက်အစိုးရသစ်လက်ထက်ဖြစ်သည့်
မေလတွင်ကျင်းပနိုင်ရန် ယခုကတည်းက ခွင့်ပြုချက်ရထားပြီးဖြစ်သည်။
















