နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ် ရွှေကြာပင်ရပ်ကွက်အတွင်းရှိ မြေလွတ်များကို
ဇမ္ဗူသီရိအထူးကုဆေးရုံမှ ဆရာဝန်အချို့ က အလုပ်သမားအင်အားသုံး၍ ခြံစည်းရိုးခတ်နေသဖြင့်
အဆိုပါ မြေများ၏ မူလ မြေပိုင်ရှင်တို့က ကျေနပ်မှုမရှိကြောင်း မီဒီယာများကို ပြောကြားသည်။
''၂ဝဝ၈ ခုနှစ်တုန်းက ကျွန်တော်တို့ဆီက နေ သိမ်းထားပြီး စီမံကိန်းမလုပ်ဘဲ ကွက်လပ်လေး
ကျန်နေတာပါ။ ဒီအကွက်ကို ဇမ္ဗူသီရိ အထူးကုဆေးရုံကြီးက ဆရာဝန်တချို့က ခြံစည်းရိုး လာပြီး
ကာတယ်၊ ပြောလို့ မရဘူး။ အလုပ်သမားတွေ အင်အားသုံးပြီး အတင်းဝင်ကာတာ။ လူအုပ်နဲ့
ဇွတ်ဝင်လုပ်တာ။ မလုပ်ပါနဲ့လို့ တောင်းပန်တာ တောင်းပန်လို့ မရဘူး''ဟု ပြန်ကပြေးကျေးရွာမှ
လယ်သမား ဦးဝင်းနိုင်က ပြောသည်။
ဇမ္ဗူသီရိ အထူးကုဆေးရုံက ဆရာဝန်များ ကို ယခုလ ၃ ရက်တွင် နေပြည်တော် စည်ပင်သာယာရေး
ကော်မတီ၊ မြို့ပြစီမံ ကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန ဌာနမှူးဦးအေး ကိုကိုက လက်မှတ်ထိုး၍ ပေ ၆ဝx၈ဝ
မြေကွက်များ ချထားပေးခြင်းဖြစ်သည်။
ဆရာဝန်များကို မြေကွက်ချထားမပေး ခင် ပြီးခဲ့သည့်လလယ်ပိုင်းအချိန်ကလည်း အဆိုပါ မြေများ၏
မူလလယ်ပိုင်ရှင် တောင်သူ များနှင့် နေပြည်တော်စည်ပင်သာယာရေး ကော်မတီတို့အကြား မြေပိုင်
ဆိုင်ခွင့်ဆိုင်ရာ ပြဿနာအချို့ပေါ်ခဲ့ကြောင်း၊ ယင်းသို့ ပြဿနာပေါ်ပြီးနောက်ပိုင်းမှ နေပြည်တော် စည်ပင်
မြေယာဌာနက ဇမ္ဗူသီရိအထူးကု ဆေးရုံက အထူးကုဆရာဝန်များကို မြေကွက် နေရာ ချထားပေး
လိုက်ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် မူလမြေပိုင်ရှင်တောင်သူများနှင့် ဆရာဝန်များကို ရန်တိုက်ပေးလိုက်
သကဲ့သို့ဖြစ်ကြောင်း၊ စီမံကိန်းဟုအမည်တပ် သိမ်းဆည်းခဲ့သော်လည်း စီမံကိန်းအကောင်အထည်
မဖော်ဘဲ ဆရာဝန်များကို အလျင် အမြန် လွှဲပြောင်းပေးအပ်လိုက်ခြင်းဖြစ်ကြောင်း မူလမြေပိုင်ရှင်
တောင်သူများက ရှင်းလင်းပြောကြားသည်။
အဆိုပါ မြေများကို ၂ဝဝ၈ ခုနှစ်က လယ်ပိုင် ရှင်များအားလုံးကို ညှိနှိုင်းခြင်းမရှိဘဲ မြေ လျော်ကြေးဆိုကာ
တစ်ဧက ကျပ်သုံးသိန်း၊ သီးနှံလျော်ကြေးအဖြစ် တစ်ဧက သုံးသိန်း ပေးလျှော်ခဲ့သည်ဟု လယ်သမား
ဦးဝင်းနိုင်က ပြောသည်။
''အဲဒီတုန်းက ကျွန်တော်တို့ကို သိမ်းတယ် လို့ ပြောတာမဟုတ်ဘူး။ပဲခင်းတွေထဲကို အလံတွေစိုက်တယ်။
ပြီးတော့ စက်ကြီးတွေနဲ့ မြေတွေကို ထိုးတယ်။ ကျွန်တော်တို့က မေးတော့ မသိဘူး အထက်က ခိုင်းတာ
ဆိုပြီး လုပ်ကြတယ်။ ပြီးမှ တောင်သူတွေ နစ်နာကြေးလာယူပါဆိုပြီးပေးသွားတာ။ ဘယ်အဖွဲ့အစည်းက
သိမ်းတယ်။ ဘယ်အဖွဲ့အစည်းက ပေးတယ်ဆို တာလည်း မပြောဘူး''ဟု လျော်ကြေးပေးအပ်ခဲ့ပုံနှင့်
ပတ်သက်၍ ၄င်းက ပြောသည်။
လျော်ကြေးရယူခဲ့ပြီး ဖြစ်သော်လည်း သိမ်းဆည်းသွားသည့် မြေများကို မည်သည့် စီမံကိန်းမှ
မပြုလုပ်သဖြင့် တောင်သူများက ၄င်းတို့ပိုင် မြေယာများကို ပြန်လည် ရယူလိုကြခြင်းဖြစ်ပြီး အဆိုပါ
လယ်မြေများ ပြန်လည်ရရှိရေးအတွက် တောင်သူများက စုပေါင်းဆွေးနွေး၍ ဆက်လက်
ဆောင်ရွက်သွားမည်ဟုလည်း ပြောဆိုကြသည်။
မြေယာပိုင်ဆိုင်ခွင့် အငြင်းပွားမှုဖြစ်နေပြီး အလုပ်သမား အင်အားသုံး၍ ခြံစည်းရိုးများ ဝင်ရောက်ခတ်နေ
သည့် ဇမ္ဗူသီရိအထူးကု ဆေးရုံက မြေကွက်လျှောက်ထားခဲ့သည့် ဆရာဝန်များကို မီဒီယာတို့က
မေးမြန်းရာ အဆိုပါ ဆရာဝန်များက မီဒီယာနှင့် မတွေ့လိုကြောင်း၊ မီဒီယာသို့ မည်သည့်ကိစ္စမျှ
မပြောလိုကြောင်း ငြင်းဆန်ကြသည်။
''ကျွန်တော်တို့ လယ်မြေတွေကို သိမ်းပြီးနောက် စည်ပင်က ဗိုလ်မှူးထွန်းကြည်က တောင်သူအချို့ကို
လယ်သုံးဧက ပိုင်ရင် မြေ တစ်ဝိုင်းပေးမယ်။ သုံးဧကအထက် ငါးဧကအထိ မြေ နှစ်ဝိုင်း၊ ငါးဧကကနေ
၁ဝ ဧက အထိကို သုံးဝိုင်း။ ၁ဝ ဧကအထက်ဆိုရင် လေးဝိုင်း အဲဒီလိုပေးမယ်ဆိုပြီးပြောသွားတယ်။
အဲဒီတုန်းက ကြားခဲ့တဲ့ တောင်သူတွေက ညီညီညွတ်ညွတ် လက်ခံခဲ့ကြတယ်။ အခုထိ
သီးနှံလျော်ကြေးတွေ၊ မြေလျော်ကြေးတွေ ကလွဲပြီး ဘာမှမရဘူး။ ခုနကပြောခဲ့တဲ့ မြေဝိုင်းတွေ
ပြန်ပေးမယ်ဆိုတာလည်း မရကြဘူး'' ဟု မြေသိမ်းခံခဲ့ရသူ ဦးဝင်းနိုင်က မီဒီယာများကို ပြောသည်။
















