အိမ် ခြံ မြေ အရောင်းအဝယ်အေးတဲ့ နေပြည်တော်

အိမ် ခြံ မြေ အရောင်းအဝယ်အေးတဲ့ နေပြည်တော်

နှစ်တိုင်းကတော့ တရုတ်တွေ ကျောက်မျက်ပြပွဲကိုလာရင်းနဲ့ သပြေကုန်းနဲ့ ရွှေကြာပင် ရပ်ကွက်
တွေမှာ တစ်ကွက်စ၊ နှစ်ကွက်စ ဝယ်တတ်ကြတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့နှစ်ကတော့ အဲဒီလို ဝယ်တာ
တောင် မရှိသလောက် ဖြစ်ခဲ့တယ်။ တစ်နှစ်နဲ့တစ်နှစ်မတူညီဘဲ တက်ကျနေ တဲ့ အိမ်၊ ခြံ၊ မြေစျေးနှုန်း
တွေက နေပြည်တော်ရဲ့ ထုံးစံတစ်ခုလို ဖြစ်လာခဲ့ပါပြီ။

ဒါကြောင့် ပြီးခဲ့တဲ့ ၂ဝ၁၅ ခုနှစ်ကလည်း ထုံးစံအတိုင်း လို့ ပြောလို့ မရနိုင်တဲ့အခြေအနေတစ်ခု
ကတော့အိမ်၊ ခြံ၊ မြေစျေးကွက် အရောင်းအဝယ် မရှိသလောက်ဖြစ်ခဲ့ပါတယ်။ အရောင်းအဝယ် မရှိသလောက်ဖြစ်ခဲ့တဲ့အကြောင်းရင်းက နေပြည်တော်မှာ အကောင်အထည်ဖော်နေတဲ့ စီမံကိန်းတွေ ရပ်ဆိုင်းလိုက်တာကြောင့်လို့တော့ မြန်မာ နိုင်ငံ အိမ်၊ ခြံ၊ မြေ ဝန်ဆောင်မှုအသင်း၊ နေပြည်တော်ရုံးခွဲ
အဖွဲ့ဝင် ဦးလှဝင်းက ဆိုပါတယ်။

''မနှစ်က စီမံကိန်းတွေက ရပ်ဆိုင်းလိုက် လို့ မြေစျေးကွက်ဥပဒေက တည်ငြိမ်မှုမရှိ၊ အခွန်ကလည်း
ပေးရမယ် မပေးရဘူးဆိုတဲ့ ဘေးစကားတွေကြောင့် အရောင်းအဝယ်က မရှိသလောက်ကို
ဖြစ်ခဲ့တယ်'' လို့ သူက မြန်မာတိုင်း(မ်)ကို ဖေဖော်ဝါရီလအတွင်းက ပြောကြားထားပါတယ်။
နေပြည်တော်မှာ ပြီးခဲ့တဲ့နှစ်က အိမ်၊ ခြံ၊ မြေနဲ့ ပတ်သက်ပြီး အရောင်းအဝယ်သမားတွေ စိတ်ဝင်စားမှု
အားနည်းသွားပါတယ်။

စိတ်ဝင်စားမှုအားနည်းသွားတာက ၂ဝ၁၅ ခုနှစ်၊ ဇူလိုင်က အစိုးရအကောင်အထည် ဖော်ခဲ့တဲ့
ဒက္ခိဏသီရိမြို့နယ်နဲ့ လယ်ဝေး မြို့နယ်အကြားက အသေးစားစက်မှုဇုန်ဟာ အသက်မဲ့နေသလို
အေးစက်နေခဲ့တာလည်း အရောင်းအဝယ်မဖြစ်တဲ့ အပိုင်းတစ်ပိုင်းလို့ ဦးလှဝင်းက ပြောပါတယ်။

''ပြီးခဲ့တဲ့နှစ်က အရောင်းအဝယ်သမားတွေ ရပ်တန့်သလောက်ဖြစ်သွားတယ်။ အဲဒါ ကလည်း
ဒက္ခိဏသီရိစက်မှုဇုန်က ဘာမှ လှုပ်ရှားသက်ဝင်မှုမရှိလို့ သူတို့က အခြေ အနေကိုကြည့်ပြီး
တခြားနေရာတွေကို လည်း မဝယ်ရဲတဲ့ပုံစံ ဖြစ်နေကြတယ်''လို့ သူက ဆိုပါတယ်။

ဒက္ခိဏသီရိမြို့နယ်မှာရှိတဲ့ မြေကွက် တွေဟာ များသောအားဖြင့် ၆ဝ ပတ်လည်နဲ့ ၈ဝ ပတ်လည်
မြေကွက်တွေသာဖြစ်ပြီး လွတ်လပ်စွာဝယ်ယူသူတွေက အစိုးရကို မြေတစ်ကွက် သိန်း ၃၅ဝ
ပေးသွင်းရပါတယ်။ ၂ဝ၁၅ ခုနှစ်အတွင်းက ဒက္ခိဏသီရိ မှာ ပေါက်ခဲ့တဲ့ အိမ်၊ ခြံ၊ မြေစျေးနှုန်းတွေအရ
ဆိုရင် ပေ ၆ဝ ပတ်လည် မြေကွက်တစ်ကွက် ကို ပုံမှန်မြေစျေး ငွေကျပ် သိန်း ၆ဝဝ ကနေ ရဝဝ အထိ
ရှိခဲ့ရာက သိန်း ၆ဝ အထိ ထိုးကျခဲ့ပြီး ကျပ်သိန်း ၁,ဝဝဝ အထိ ပေါက်ခဲ့တဲ့ ပေ ၈ဝ ပတ်လည်
မြေကွက်တစ်ကွက်တန်ဖိုးကလည်း သိန်း ၂ဝဝ နဲ့ ၂၅ဝ ခန့်အထိ တန်ကြေးပေးကာ လက်ရှိကာလ
အထိ တချို့ သော ရင်းနှီးမြှုပ်နှံသူတွေက ဝယ်ယူကြ တာလည်း ရှိနေပါတယ်။

''အခုတော့ ဒက္ခိဏမှာ တောင်သူတွေကို အစားပြန်ပေးတဲ့ မြေကွက်တွေက ၆ဝ ပတ်လည်ဆိုရင်
သိန်း ၆ဝ ကနေ သိန်း ၁၅ဝ၊ ၂ဝဝ အထိပေါက်စျေးရှိတယ်။ သိန်း ၁ဝဝ နဲ့အထက်ပေါက်နေတာပေါ့။
အဲဒီ စျေးနှုန်းအောက်တော့ မကျဘူး''လို့ ဦးလှဝင်းက ပြောပါတယ်။

လတ်တလောမှာတော့ ဒက္ခိဏသီရိ မြို့နယ်က မြေတစ်ကွက် သိန်း ၃၅ဝ ပေးသွင်း ထားရတဲ့
မြေကွက်တွေထဲက အသေးစား စက်မှုဇုန်ဧရိယာအတွင်း ဝယ်ယူကာ လုပ်ငန်း အကောင်အထည်
မဖော်တဲ့ မြေကွက်တွေကို ၁၈၉၄ ဥပဒေအရ လ/န(လူနေထိုင်ခွင့်ပုံစံ) ၃၉ ကျပြီး စီမံကိန်းမလုပ်
သူတွေကို တောင်သူတွေထံ ပြန်ပေးရမယ်ဆိုပြီး အစိုးရက အကြောင်းကြားစာနဲ့ ကြေညာပြီး
နောက်ပိုင်း အသေးစားစက်ရုံတချို့လည်း သက်ဝင်လှုပ်ရှားနေတဲ့အတွက် ဒီနှစ်စပိုင်းမှာပဲ စက်မှုဇုန်
အနီးတစ်ဝိုက်ကမြေကွက် အချို့ စတင်အရောင်းအဝယ်ပြန်ဖြစ် နေတယ်လို့ သူက ဆိုပါတယ်။

ထို့အတူပဲ နေပြည်တော်ရဲ့ မြောက်ဘက် အခြမ်းမှာ တည်ရှိတဲ့ နိုင်ငံ့ဝန်ထမ်းအငြိမ်း စား မြို့လို့ဆိုရမယ့်
ပုဗ္ဗသီရိမြို့က အိမ်မဆောက်တဲ့ မြေကွက်တွေနဲ့ ပတ်သက်ပြီးလည်း ပြန်သိမ်းပြီး အငြိမ်းစားယူပြီး
အမှန်တကယ်နေထိုင်မယ့် ဝန်ထမ်းတွေကို ပြန် ပေးမယ်လို့ အစိုးရက မြေကွက်ပိုင်ရှင်တွေထံ
စာနဲ့အကြောင်းကြားထားတာကြောင့် အခုဆိုရင် အိမ်မရှိတဲ့ မြေကွက်အလွတ်တွေ ပေါ်မှာ အိမ်တွေ
ကိုယ်စီ အပြိုင်အဆိုင် ဆောက်နေကြပါတယ်။

ပြီးခဲ့တဲ့နှစ်က ပုဗ္ဗသီရိမြို့ရဲ့ အိမ်၊ ခြံ၊ မြေစျေးနှုန်းကတော့ အဓိကအချက်အချာ ဖြစ်တဲ့ ဧရာဝတီ
လမ်းမကြီးဘေးမှာတောင် ၄ဝ၊ ၆ဝ မြေကွက်ကို အိမ်ပါပြီး ကျပ်သိန်း ၂၅ဝ၊ အိမ်မပါ ကျပ်သိန်း ၁၅ဝ
ရှိခဲ့ပေမဲ့ အရောင်းအဝယ်အပိုင်းကတော့ ပွဲစားတွေ ထင်ထားသလောက်တော့ မသွက်လက်ခဲ့ပါဘူး။

နေရာအနေအထားအရလည်း စျေးကွာ ဟခဲ့ပြီး လမ်းမကြီးအတွင်းပိုင်းကျရင် ၄ဝ၊ ၆ဝ မြေကွက်
တစ်ကွက်ကို သိန်း ၆ဝ သာရှိခဲ့ပြီး အိမ်လည်းပါမယ်ဆိုရင်တော့ သိန်း ၁ဝဝ ဝန်းကျင်အထိသာရှိခဲ့ပါ
တယ်။

''ပုဗ္ဗသီရိမှာ မနှစ်က ဒီလမ်းမကြီး(ဧရာ ဝတီလမ်း)ဘေးမှာ ၄ဝ၊ ၆ဝ မြေကွက် တစ်ကွက်ကို အိမ်ပါရင်
သိန်း ၂၅ဝ လောက် အထိစျေးပေါက်တယ်။ အိမ်မပါရင်တော့ သိန်း ၁၅ဝ လောက်ပေါက်ခဲ့တယ်။
အတွင်း ကျရင်တော့ သိန်း ၄ဝ ကနေ ၆ဝ အထိပဲရှိ ခဲ့တာ။ အခုတော့ အဲဒီစျေးတွေရဲ့ အထက်မှာ
သာရှိနေတယ်''လို့ အိမ်၊ ခြံ၊ မြေ ဝယ်ရောင်း လုပ်နေသူ ဦးအောင်ဝင်းက ဖေဖော်ဝါရီလ အတွင်းက
မြန်မာတိုင်း(မ်)ကို ပြောပါတယ်။

နေပြည်တော်ရဲ့ အလယ်ဗဟိုကျကျ တည်ရှိနေတဲ့ ဇမ္ဗူသီရိမြို့နယ်မှာ ၂ဝ၁၅ ခုနှစ် အတွင်း အရောင်း/
အဝယ်အနေအထားက စိုစိုပြည်ပြည်မရှိခဲ့ဘဲ ပုံမှန်အတိုင်းသာရှိခဲ့ပြီး အိမ်၊ ခြံ၊ မြေစျေးနှုန်းအားဖြင့်
ကျပ်သိန်း ၁,ဝဝဝ၊ ၁,၅ဝဝ နဲ့ ၁,၈ဝဝ ခန့်ရှိတဲ့ ပေ ၄ဝ၊ ၆ဝ (အိမ်ပါ) မြေကွက်တစ်ကွက်စျေးနှုန်း
အဖြစ်ပေါက်ခဲ့ပါတယ်။

ဥတ္တရသီရိမြို့နယ် မှာလည်း လက်ရှိမှာတော့ လွတ်နေတဲ့ မြေ ကွက်တွေအပေါ်မှာ စီးပွားရေးလုပ်ငန်းရှင်
တချို့က ကုမ္ပဏီရုံး၊ ပုဂ္ဂလိကဆီဆိုင်တွေနဲ့ လူနေအိမ်တွေကို အစိုးရကသတ်မှတ်ထားတဲ့ နေရာတွေမှာ
အသီးသီး ဆောက်လုပ်နေ ကြပြီး ပြီးခဲ့တဲ့နှစ် အိမ်၊ ခြံ၊ မြေစျေးနှုန်း ကတော့ သပြေကုန်းရပ်ကွက်မှာ
ပေ ၄ဝ၊ ၆ဝ မြေကွက်တစ်ကွက်ကို ကျပ်သိန်း ၅ဝဝ နဲ့ ၁,ဝဝဝ အကြားအထိပေါက်ခဲ့ကာ စည်ပင်
ဧည့်ရိပ်သာအနီးက ရွှေကြာပင်ရပ်ကွက်က ကျပ်သိန်း ၅ဝဝ နဲ့ ၈ဝဝ အကြား မြေစျေး ပေါက်ခဲ့ပါတယ်။
အခုနှစ်စျေးနှုန်းကတော့ တည်ငြိမ်မှုမရှိသေးတာကို တွေ့ရပါတယ်။

''နှစ်တိုင်းကတော့ တရုတ်တွေကျောက်မျက်ပြပွဲကိုလာရင်းနဲ့ သပြေကုန်းနဲ့ ရွှေကြာပင်ရပ်ကွက်တွေမှာ
တစ်ကွက်စ၊ နှစ်ကွက်စ ဝယ်တတ်ကြတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ နှစ်ကတော့ အဲဒီလို ဝယ်တာတောင်
မရှိသလောက်ဖြစ်ခဲ့တယ်။ ဒီနှစ်တော့ မသိသေးဘူး''လို့ အိမ်၊ ခြံ၊ မြေ ပွဲစား ကိုထွန်းအောင်က
ပြောပါတယ်။

အထင်ကရနေရာတွေဖြစ်တဲ့ တပ်မတော် စစ်သမိုင်းပြတိုက်၊ တိရစ္ဆာန်ဥယျာဉ်၊ ဆာဖာရီ ဥယျာဉ်တွေ
ပါဝင်နေတဲ့ ဇေယျာသီရိမြို့နယ် ကတော့ အိမ်၊ ခြံ၊ မြေ အရောင်း/ အဝယ် လုပ်မယ်ဆိုရင်
ရန်ကုန်-မန္တလေးကားလမ်းဟောင်းဘေးနဲ့ အတွင်းပိုင်းကျတဲ့ ရွာတွေမှာသာ လုပ်ကိုင်လို့ရမှာဖြစ်တဲ့
အပြင် နေပြည်တော်အတွင်းပိုင်းနဲ့လည်း လူစိတ်ဝင်စားမှုကတော့ အင်မတန်နည်းနေတာကို
တွေ့ ရပါတယ်။

တကယ်လို့အရောင်းအဝယ်ဖြစ်ခဲ့ ရင်လည်း ရွာတွေရဲ့အနီးအနား ပတ်ဝန်းကျင် က စိုက်ပျိုးမြေတွေနဲ့ပဲ
အဆင်ပြေလေ့ရှိပြီး ပြီးခဲ့တဲ့နှစ်ကဆိုရင် တစ်ဧကကို မြေနေရာ အနေအထားပေါ် မူတည်ပြီး
သုံးသိန်းကနေ ခုနစ်သိန်းအထိတော့ ရှိခဲ့တယ် လို့ ဇေယျာသီရိမြို့နယ်၊ နန်းသြရွာက ဒေသခံ
တွေက ပြောပါတယ်။ နေပြည်တော် အိမ်၊ ခြံ၊ မြေစျေးကွက်က လက်ရှိအစိုးရအာဏာလွှဲပြောင်းပြီး
နောက်ပိုင်း ကောင်းလာနိုင်ပြီး ထိုအခြေအနေကို ကြည့်ပြီး ဒီနှစ်ဆန်းပိုင်းက ဝယ်ယူထားသူတွေ
လည်းရှိနေတယ်လို့ မြန်မာနိုင်ငံ အိမ်၊ ခြံ၊ မြေ ဝန် ဆောင်မှုအသင်း (နေပြည်တော်ရုံးခွဲ) အဖွဲ့ဝင်
ဦးလှဝင်းက ပြောပါတယ်။

''အစိုးရအပြောင်းအလဲ နောက်ပိုင်းမှာ နေပြည်တော် အိမ်၊ ခြံ၊ မြေစျေးကွက်က ကောင်းလာနိုင်တယ်လို့
သုံးသပ်တယ်။ အခု ဆို ဒက္ခိဏသီရိမှာ များသောအားဖြင့် ရှမ်းတရုတ်တွေ မြေကွက်တော်တော်များများ
ကို လာဝယ်ကြတာ တွေ့နေရတယ်။ ဒီအနေ အထားအရဆိုရင် ဒီနှစ်ကစပြီး အိမ်၊ ခြံ၊ မြေ စျေးတွေ
ကောင်းလာနိုင်တယ်လို့ ခန့်မှန်းကြောင်း'' ၄င်းက ပြောပါတယ်။ 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး