မြန်မာ့လယ်ယာနှင့် ဖွံ့ဖြိုးရေးဘဏ်ကို တောင်သူလယ်သမားများ အမှန်တကယ် အားကိုးရသော
ဖွံ့ဖြိုးရေး ဘဏ်အဖြစ် ဆောင်ရွက်ရန် အရေးကြီးကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ
အတွင်းရေးမှူး ဦးရဲမင်းအောင်က မတ် ၁၈ ရက်တွင် ပြောသည်။
"လယ်ယာကဏ္ဍဖွံ့ဖြိုးရေးမှာ အဓိကအကျဆုံးက ဘဏ္ဍာရေးနဲ့ ငွေကြေးလုပ်ငန်း ဖြစ်နေတယ်။
မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်က လယ်သမားတွေအတွက် အမှန်တကယ် အားကိုးရတဲ့
ဘဏ်ဖြစ်အောင် လုပ်ပေးရမှာကိုး"ဟု ၎င်းက ပြောသည်။
ယခင်က လေးငါးသောင်းခန့်ရှိသော စိုက်ပျိုးစရိတ်မှာ ယခုတွင် တစ်ဧကလျှင် စိုက်ပျိုးစရိတ် တစ်သိန်းခွဲ၊
နှစ်သိန်းလောက်ဖြစ်လာခဲ့ပြီး ဓာတ်မြေဩဇာနှင့် မျိုး စသည့် သွင်းအားစုများ ဈေးတက်လာခဲ့သည်။
စက်မှုလယ်ယာကဏ္ဍတွင်လည်း ရိတ်သိမ်းစရိတ်များ ကုန်ကျမှုရှိလာသဖြင့် ငွေကြေးနှင့် ဘဏ္ဍာရေး
၀န်ဆောင်မှုများ လိုအပ်လာခဲ့သည်။
"ဒါကြောင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ကို တကယ်ပီပီပြင်ပြင် ဖွံ့ဖြိုးရေးတွေ ဆောင်ရွက်နိုင်တဲ့
ဘဏ်ဖြစ်အောင် လုပ်ပေးဖို့ အစ်ကိုတို့ မျှော်လင့်တယ်။ တကယ်လို့ လုပ်မယ်ဆိုရင် မြန်မာ့လယ်ယာ
ဖွံ့ဖြိုးရေး ဘဏ်ဥပဒေရှိ တယ်။ အဲဒီ ဥပဒေပြင်ရမယ်။ ဆောင်ရွက် မယ်ဆိုရင် သုံးလကနေ
ခြောက်လအတွင်း လုပ်လို့ရပါတယ်"ဟု ဦးရဲမင်းအောင်က ပြောသည်။
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေဖြင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ချိတ်ဆက်ကာ နိုင်ငံတကာမှ
သက်သာသည့် အတိုးနှုန်းနှင့် ချေးငွေများရယူပြီး တောင်သူများကို ပြန်လည်ချေးပေးနိုင်အောင်
ဆောင်ရွက်ရန် လိုအပ်နေကြောင်း၊ ရော်ဘာနှင့် နှစ်ရှည်သီးနှံများကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က
ချေးပေးနိုင်ခြင်း မရှိသေးကြောငး်၊ လက်ရှိအချိန်တွင် ပဲမျိုးစုံ၊ စပါးနှင့် ကြံသီးနှံတို့ကိုသာ
ချေးပေးနိုင်သေးကြောင်း ဦးရဲမင်းအောင်က ပြောသည်။
"အခုလောလောဆယ် ချေးနေတာ ရာသီချေးငွေတွေပဲ။ ကာလလတ်ချေးငွေနဲ့ ကာလရှည်ချေးငွေတွေ
ပေါ့နော်။ နှစ်ချင်းပေါက် ချေးနေတာထက် နှစ်နှစ်၊ သုံးနှစ် ပေးဖို့။ ဥပမာ လယ်သမားတွေဘက်က
မြောင်းတွေ ဖောက်ချင်တယ်။ လယ်ယာ မြေတွေကို ပြုပြင်ချင်တယ်။ ကန်သင်းတွေ ပြန်ပြင်ချင်တယ်။
မြေတွေညှိချင်တာတွေ။ နောက်တစ်ခါ သိုလှောင်ရုံတွေ ဆောက်ချင်တာမျိုးတွေအတွက်
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က သေချာဆောင်ရွက်ပေးဖို့ လိုတယ်"ဟု ၎င်းက ဆိုသည်။
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သည် နိုင်ငံတကာနှင့် ချိတ်ဆက်၍ အကျိုးအမြတ်ကို ရှေးရှုပြီး
ဖွံ့ဖြိုးရေးကို လုပ်ဆောင်သည့် အဖွဲ့အစည်းတစ်ခုဖြစ်စေရန် အဓိကလိုအပ်လျက်ရှိသည်။
"ကျန်တဲ့ ကိစ္စတွေက ဘယ်ကိစ္စဆွေးနွေး၊ ဆွေးနွေး နောက်ဆုံး ဘဏ်ကိစ္စမှာ ရပ်သွားတယ်။
ဆက်ပြီး မဆွေးနွေးနိုင်တော့ဘူး။ ဥပမာ မျိုးစေ့ကောင်းတွေ လိုအပ်တယ်။ ရှိလည်းရှိတယ်။
၀ယ်သုံးဖို့က ငွေမရှိဘူး။ စက်မှုလယ်ယာဖြစ်ဖို့၊ စက်တွေ ငှားရမ်းလုပ်ကိုင်ဖို့ကလည်း ငွေပဲ။
နောက်ဆုံး တောင်သူလယ်သမားတွေ စိုက်ပျိုး ထုတ်လုပ်တဲ့ စရိတ်က ကြီးလာတယ်"ဟု
၎င်းက ပြောသည်။
















