နိုင်ငံတော်သမ္မတအဖြစ် တင်မြှောက်ခံထားရသူ ဦးထင်ကျော်က ၀န်ကြီးဌာနများလျှော့ချရန်
တင်ပြလာခြင်းအပေါ် ပြည်ထောင်စုလွှတ်တော်၌ မတ် ၁၈ ရက်တွင် လွှတ်တော်ကိုယ်စားလှယ်များက
ထောက်ခံဆွေးနွေးခဲ့ကြသည်။
လွှတ်တော်အစည်းအဝေးတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ကိုယ်စားလှယ် လေးဦး၊
ရခိုင်အမျိုးသားပါတီမှတစ်ဦးနှင့် တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီမှ တစ်ဦးတို့က
ဆွေးနွွေးခဲ့ကြသည်။
"၀န်ကြီးဌာနများ စုစည်းလိုက်ခြင်းဟာ ပြည်သူအတွက်လည်း ၀န်ထုပ်ဝန်ပိုး မဖြစ်တော့ဘူး"ဟု
တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးပါတီမှ လွှတ်တော် ကိုယ်စားလှယ် ဦးဂျေယောဝူက
ပြောကြားသည်။
"၀န်ကြီးဌာနအရေအတွက် နည်းတဲ့အခါမှာ နိုင်ငံတော်သမ္မတအနေနဲ့ မိမိ၀န်ကြီး ဌာနများရဲ့
တာဝန်ခံမှုကို ပိုမိုနိုင်နင်းစွာ တိုက်ရိုက် ထိန်းကျောင်းနိုင်မှာဖြစ်သလို တစ်ဆင့်ခံ ထိန်းကျောင်းရတဲ့
ကိစ္စများလည်း ကင်းဝေးနိုင်မှာဖြစ်ပါတယ်"ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးနိုင်ထူးအောင်က
ပြောသည်။
"ကိုယ့်ဝန်ကြီးဌာန မရှိတော့ဘူးလို့ကြားတော့ ငါတို့များ အလုပ်ပြုတ်တော့မှာလား ဆိုပြီး
စိုးရိမ်ခဲ့ကြတာပေါ့။ ဒီခေတ်မှာက အလုပ် တစ်နေရာရဖို့ ခက်ခဲတယ်လေ။ နောက်ပြီး အစိုးရဝန်ထမ်း
ဆိုတာကလည်း ၀န်ထမ်း လိုင်းခန်းလေးကို အမှီပြုနေရတာဆိုတော့ နေစရာအတွက်ပိုလို့တောင်
စိုးရိမ်ခဲ့ပါတယ်"ဟု သမဝါယမဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးဆွေတင့်က ပြောသည်။
ထို့ပြင် အားကစားဝန်ကြီးဌာနကို ဖျက်သိမ်းပြီး ကျန်းမာရေးဝန်ကြီးဌာနအောက်၌ အားကစားနှင့်
ကာယပညာဦးစီးဌာနအနေဖြင့်သာ ဖွဲ့စည်းရန်နှင့် ပတ်သက်ပြီးလည်း ဝေဖန်မှုများ ရှိနေသည်။
အားကစားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းဌေးကမူ ယခင်ဝန်ကြီးဌာနတစ်ခုအနေဖြင့်
သီးခြားမရှိစဉ်ကလည်း အောင်မြင်မှုများ ရှိခဲ့ကြောင်း ပြောသည်။
သို့သော် ယခင်ပြည််ထောင်စုကြ့ံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဦးဆောင်သည့် လွှတ်တော်
အစည်းအဝေးများ၌ ဝေဖန်မှုများရှိခဲ့သည့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနကိုမူ ဖျက်သိမ်းခြင်း၊
အခြားဌာနနှင့် ပူးပေါင်းခြင်းများ မရှိခဲ့ပေ။
"ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနဆိုတာ ဘာလုပ်ငန်းတွေများ များများစားစား ရှိနေသေးလို့လဲ။
အများစုက ပုဂ္ဂလိကပိုင်တွေ။ ဌာနအနေနဲ့က စီမံဖို့ပဲလိုတာ"ဟု အမျိုးသားလွှတ်တော်
ကိုယ်စားလှယ်ဟောင်း ဦးဖုန်းမြင့်အောင်က ပြောသည်။
















