နိုင်င့ံဝန်ထမ်းများ အလုပ်လက်မဲ့ဖြစ်စရာ မရှိဟု သမ္မတသစ် ဦးထင်ကျော် ပြောကြား

နိုင်င့ံဝန်ထမ်းများ အလုပ်လက်မဲ့ဖြစ်စရာ မရှိဟု သမ္မတသစ် ဦးထင်ကျော် ပြောကြား

အစိုးရသစ်လက်ထက်တွင် ၀န်ကြီးဌာနအရေအတွက်များ လျှော့ချဖွဲ့စည်းမည်ဖြစ်သောကြောင့်
အလုပ်လက်မဲ့ ဖြစ်မည်ကို စိုးရိမ်နေကြသော နိုင်င့ံဝန်ထမ်းများအနေဖြင့် ဥပဒေ၊ စည်းမျဉ်းစည်းကမ်းနှင့်
ညီညွှတ်မည်ဆိုပါက အလုပ်လက်မဲ့ဖြစ်စရာအကြောင်းမရှိကြောင်း နိုင်ငံတော်သမ္မတအဖြစ်
ရွေးချယ်တင်မြှောက်ခံထားရသူ ဦးထင်ကျော်က ပြည်ထောင်စု လွှတ်တော်တွင် မတ် ၂၁ ရက်၌
ပြောကြားလိုက်သည်။

"နိုင်ငံ့ဝန်ထမ်းများအနေနဲ့ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနဲ့ ညီညွှတ်ခြင်းရှိတဲ့ အလုပ်မျိုးကိုသာ
လုပ်ကိုင်မယ်ဆိုပါက အလုပ်လက်မဲ့ ဖြစ်စရာအကြောင်း လုံးဝမရှိပါကြောင်း ပြောကြားလိုပါတယ်"ဟု
၎င်းက ဆိုသည်။

သမ္မတသစ်၏ ပထမဆုံး ရှင်းလင်း ပြောကြားမှုအတွင်း နိုင်ငံတော်၏ ရှေ့ဆက်သွားမည့်
စီးပွားရေးဆိုင်ရာ မူဝါဒများ အကြောင်းကိုလည်း ထည့်သွင်းပြောကြားသွားခဲ့သည်။

"ကျွန်တော်တို့နိုင်ငံဟာ ပြည်သူ့ဘဏ္ဍာငွေ သုံးစွဲမှုကို တတ်နိုင်သမျှလျော့နည်း သက်သာစေနိုင်ပါမှ၊
အတတ်နိုင်ဆုံး ခြိုးခြံချွေတာနိုင်ပါမှ နိုင်ငံတော်ဘဏ္ဍာငွေများစုဆောင်းနိုင်ပြီး ဖွံ့ဖြိုးမှု အနည်းဆုံး
နိုင်ငံအဖြစ်မှ လွတ်မြောက်နိုင်မှာဖြစ်ပါတယ်"ဟု ဆိုသည်။

အစိုးရအဖွဲ့တွင် ၀န်ကြီးဌာနအရေအတွက်များ လျှော့ချခြင်းကြောင့် ပြည်ထောင်စု ၀န်ကြီး
ဦးရေများလည်း လျှော့ချနိုင်ကာ ၀န်ကြီးများ၏ လစာ၊ အဆောင်အယောင် အသုံးစရိတ်များမှ
ငါးနှစ်စာအတွက် ကျပ် သန်း ၅,၀၀၀ (ငါးဘီလျံ)ကို ခြိုးခြံချွေတာနိုင်မည်ဟု သမ္မတသစ်က ဆိုသည်။

အဆိုပါ ခြိုးခြံချွေတာခြင်းမှ ထွက်ပေါ်လာမည့်ဘဏ္ဍာငွေများကို နိုင်ငံတော်အတွက် လိုအပ်နေသည့်
နေရာများဖြစ်သော ပညာရေး၊ ကျန်းမာရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းကဲ့သို့သော
နေရာများတွင် ပိုမို သုံးစွဲမည်ဟုဆိုသည်။

"နောင်မျိုးဆက်များအတွက် နိုင်င့ံဘဏ္ဍာ အရန်ငွေများ ချန်ထားနိုင်ခဲ့ပြီး တိုင်းပြည် ဖွံ့ဖြိုးတိုးတက်
လာနိုင်မှာဖြစ်ပါတယ်"ဟု ပြောကြားသည်။

သို့သော်လည်း အရေအတွက်ထက် အရည်အချင်းကို ဦးစားပေးရေး၊ အဂတိကင်းသော
လူ့အသိုင်းအဝိုင်း ဖော်ဆောင်ရေး၊ အမျိုးသားအကျိုးစီးပွားကိုရှေးရှုရေး၊ စွမ်းဆောင်ရည်ပြည့်ဝရေးနှင့်
ကျစ်လျစ်ခိုင်မာသော ပြည်ထောင်စုအစိုးရတစ်ရပ် ဖွဲ့စည်းရေးအတွက် ဦးတည်ဆောင်ရွက်နေကြောင်း
ထပ်လောင်းပြောကြားခဲ့သည်။

ဦးထင်ကျော်သည် ၀န်ကြီးဌာနများစုစည်း ဖွဲ့စည်းခြင်း၊ အရေအတွက် သတ်မှတ်ခြင်း၊ ၀န်ကြီးဦးရေ
သတ်မှတ်ခြင်းတို့နှင့် ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ခြောက်ဦးတို့၏
ဆွေးနွေးချက်များကို ပြန်လည်ရှင်းလင်းစဉ် ယခင်က အဖြူရောင်တိုက်ပုံ အကျႌကိုသာ ၀တ်ဆင်လေ့
ရှိခဲ့သော်လည်း ယနေ့တွင်မူ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၏ ကိုယ်စားပြုအရောင်ဖြစ်သော
ပင်နီတိုက်ပုံဖြင့် လွှတ်တော်သို့ တက်ရောက်ခဲ့သည်။

၎င်းတင်ပြထားသော ၀န်ကြီးဌာနများ ပေါင်းစပ်ဖွဲ့စည်းခြင်းနှင့် ပြည်ထောင်စု ၀န်ကြီးဦးရေ
သတ်မှတ်ခြင်းတို့ကို လွှတ်တော်က မတ် ၂၁ ရက်တွင် အတည်ပြုခဲ့သည်။

၀န်ကြီးဌာနများ ပေါင်းစပ်ဖွဲ့စည်းခြင်းအတွက် ထောက်ခံမဲ ၆၁၁ မဲ၊ ကန့်ကွက်မဲ ၃ မဲ နှင့် ကြားနေမဲ
၂၂ မဲ ရှိခဲ့သည်။

ပြည်ထောင်စု ၀န်ကြီးဦးရေ သတ်မှတ်ခြင်းအတွက်လည်း ထောက်ခံမဲ ၆၀၁ မဲ၊ ကန့်ကွက်မဲ၂၂ မဲနှင့်
ကြားနေမဲ ၁၄ မဲရှိခဲ့သည်။

အစည်းအဝေးတွင် ယခင်တင်ပြခဲ့သော ယဉ်ကျေးမှုနှင့် သာသနာရေးဝန်ကြီးဌာနအစား
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနဟု အမည်ကို ပြန်လည်ပြင်ဆင်အတည်ပြုခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး