ယခုနှစ် မဟာသင်္ကြန်ကာလအတွင်း နေပြည်တော်တွင် မြို့တော်ဝန်မဏ္ဍပ် ဆောက်လုပ်ခြင်း
ရှိ၊ မရှိကို မသိရသေးသည့်အပြင် ဟိုတယ်ဇုန်အတွင်း ယခင်နှစ်များတွင် ဆောက်လုပ်ခဲ့သည့်
မဏ္ဍပ်အချို့ မှာလည်း မတ် ၂၈ ရက်အထိ မဏ္ဍပ်ဆောက်လုပ်ခွင့် မတင်ကြသေးဟု
နေပြည်တော်ကောင်စီ၊ နေပြည်တော်စည်ပင်တို့မှ စုံစမ်း သိရှိရသည်။
ယနေ့အချိန်၌ မြန်မာနိုင်ငံတွင် အစိုးရအလွှဲအပြောင်းကိစ္စများရှိနေကြပြီး လက်ရှိတာဝန်
ယူထားသူများက လာမည့် အစိုးရသက်တမ်းတွင် ၎င်းတို့၏ လုပ်ငန်း တာဝန်များ ပြီးစီးနေပြီဖြစ်သဖြင့်
ယခုနှစ် နေပြည်တော် မဟာသင်္ကြန်ပွဲတော်ကျင်းပရေးနှင့် ပတ်သက်၍ မည်သို့မျှ တာဝန်ယူ
ဆောင်ရွက်ထားခြင်းမရှိပေ။
နေပြည်တော်တိုင်း ရဲတပ်ဖွဲ့ကလည်း မဟာသင်္ကြန်ကာလ လုံခြံုရေးကိစ္စများနှင့် ပတ်သက်၍ ယနေ့ထိ
ညွှန်ကြားထားမှု မရှိသေးဟု တိုင်းရဲတပ်ဖွဲ့ရုံးမှ စုံစမ်းသိရှိရသည်။
"ဟိုတယ်ဇုန်ဘက်က မဏ္ဍပ်တွေကလည်း မသေချာသေးဘူး။ မြို့တော်ဝန် မဏ္ဍပ်ကလည်း
ဘယ်လိုမှန်း မသိသေးဘူး။ ဒါကြောင့် ရဲတပ်ဖွဲ့ဘက်က သင်္ကြန်ကာလ စည်းကမ်းသတ်မှတ်ချက်ကို
အသေးစိတ်မညွှန်ကြားနိုင်၊ မထုတ်ပြန်နိုင်သေးတာ ဖြစ်လောက်ပါတယ်။
"အရင်နှစ်က ထုတ်ပြန်ခဲ့တဲ့ စည်းကမ်းတွေ၊ လုံခြံုရေးအစီအမံတွေလိုပဲ လာမယ် ထင်ပါတယ်။
သို့ပေမယ့် တရားဝင်တော့ ဘာမှ မပြောသေးပါဘူး"ဟု နေပြည်တော် တိုင်းရဲတပ်ဖွဲ့မှူးရုံး
တာဝန်ရှိသူတစ်ဦးက မြန်မာတိုင်း(မ်)ကို ပြောသည်။
ယခင်နှစ်များက နေပြည်တော် ဟိုတယ်ဇုန်များအတွင်း မဏ္ဍပ် ကိုးခုရှိခဲ့ပြီး ယင်း ကိုးခုအနက်
စကိုင်းနက်မဏ္ဍပ်မှာ လူသိများပြီး စည်ကားလှသည်။
မဏ္ဍပ်သို့ ရေပက်ခံ လာသူများအားလုံးကို ဘဲဥဟင်း၊ ငါးခြောက်ဟင်းများဖြင့် စတုဒိသာ
ထမင်းကျွေးခြင်းများကို ပြုလုပ်လေ့ရှိသည်။
နေပြည်တော်ကောင်စီနယ်တစ်ခုလုံးတွင် မြို့နယ်ရှစ်ခုရှိပြီး ယင်းရှစ်မြို့နယ်အနက် အထက်ပါ
စကိုင်းနက်မဏ္ဍပ်တည်ရှိရာ နေပြည်တော် ဒက္ခိဏသီရိဟိုတယ်ဇုန်က စည်ကားလှသည်။
မြို့နယ် ရှစ်ခုစလုံးမှ ရေပက်ခံသူများက ဆိုင်ကယ်များ၊ သုံးဘီးဆိုင်ကယ်များ၊ ကားများဖြင့်
ဟိုတယ်ဇုန်အတွင်းသို့ လာရောက်၍ ရေပက်ခံခြင်း၊ စတိတ်ရှိုး များကြည့်ခြင်း၊ စတုဒိသာများ
စားသောက်ခြင်း အစရှိသဖြင့် အပန်းဖြေပျော်ပါးကြသည်။
နေပြည်တော်ကောင်စီနယ်မြေတွင်း ဟိုတယ်ဇုန်တွင်သာ အထူးစည်ကားခြင်းမှာ ရေပက်ရန်
ရေလုံလောက်စွာ ရရှိခြင်းကြောင့်လည်း ဖြစ်သည်။
















