နိုင်ငံတော်သမ္မတဦးထင်ကျော်သည် နေပြည်တော်ရှိ ကုတင်(၁၀၀၀)ဆေးရုံကြီးတွင်
ဧပြီလ ၂၁ ရက်နေ့က ကျန်းမာရေးစစ်ဆေးမှု လာရောက်ခံယူခဲ့သည်။
၎င်းသည် အဆိုပါဆေးရုံကြီးသို့ ကျန်းမာရေး စစ်ဆေးမှုခံယူရန် မွန်းလွဲ ၂း၁၅ အချိန်တွင်
ရောက်ရှိလာပြီး မိနစ် ၃၀ ခန့်ကြာ စစ်ဆေးမှုခံယူခဲ့ခြင်းဖြစ်သည်။
ဦးထင်ကျော်သည် အထွေထွေကျန်းမာရေးစစ်ဆေးမှုအပြင် နှလုံးရောဂါလည်းရှိသည့်အတွက်
ထိုရောဂါနှင့် ပတ်သတ်ပြီး အဓိကထားစစ်ဆေးမှုပြုလုပ်ခဲ့သည်။
"General Check - UP ပါဘဲ။ အားလုံးကောင်းပါတယ်။ ပုံမှန်ကျန်းမာရေးစစ်ဆေးမှုပါ။" ဟု သမ္မတ၏
ကျန်းမာရေး အရာရှိ ဒေါက်တာခင်မောင်မြင့်က သတင်းထောက်များကို ပြောသည်။
ဦးထင်ကျော်၏ ကျန်းမာရေးစစ်ဆေးမှု လာရောက်ခံယူရသည့် အကြောင်းအရင်းမှာ
မျက်စိခွဲစိတ်ရန်အတွက် နှလုံးစစ်ဆေးခြင်းဖြစ်သည်ဟုလည်း သတင်းများထွက်ပေါ်နေသော်လည်း
၎င်းက ငြင်းဆိုခဲ့သည်။
"မျက်စိခွဲဖို့လာတယ်ဆိုတာ မဟုတ်ပါဘူး" ဟု ဒေါက်တာ ခင်မောင်မြင့်က ပြောသည်။
နိုင်ငံတော်သမ္မတ၏ ကျန်းမာရေးစစ်ဆေးမှု ခံယူမှုရာတွင် ဇနီးဖြစ်သူ ဒေါ်စုစုလွင်
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် နှင့် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဒေါက်တာ မြင့်ထွေးတို့လည်း လိုက်ပါလာခဲ့ကြသည်။
နေပြည်တော်ကုတင်(၁၀၀၀)ဆေးရုံကြီးသို့ ဧပြီလ ၁၉ ရက်နေ့တွင်လည်း နိုင်ငံတော်၏
အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ဆေးကုသမှုခံယူနေသည့် လူနာများကို လာရောက်
ကြည့်ရှုအားပေးခဲ့သည်။

















