မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် အင်အားကြီးနိုင်ငံတစ်ခု မဟုတ်သော်လည်း အားလုံးနှင့်
ပတ်သက်သည့် ပြဿနာများကို စိတ်ရင်းစေတနာကောင်းများဖြင့် ရိုးသားစွာ ချဉ်းကပ်ဆောင်ရွက်
မည်ဖြစ်ပြီး အခြားနိုင်ငံများမှ လေ့လာသင်ယူစရာများကို သင်ယူရင်း ကမ္ဘာကို ဦးဆောင်နိုင်
လိမ့်မည်ဟု မျှော်လင့်မိပါကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။
''မိမိတို့နိုင်ငံကို အင်အားတောင့်တင်းသော နိုင်ငံဖြစ်အောင် ထူထောင်သွားမည်ဖြစ်ပြီး
ယင်းသို့ ထူထောင်နိုင်ရန်အတွက် ပြည်သူလူထု၏ အင်အားက အဓိကကျတာကြောင့် ပြည်
သူတို့၏ ပူးပေါင်းဆောင်ရွက်မှုတို့ဖြင့် တည်ဆောက်သွားရမှာဖြစ်ပါတယ်''ဟု နိုင်ငံခြားရေး
ဝန်ကြီးဌာန၌ ဧပြီ ၂၂ ရက်က ပြုလုပ်သည့် မြန်မာနိုင်ငံဆိုင်ရာ ပြည်တွင်း၊ ပြည်ပအခြေစိုက်
သံတမန်များကို မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး
ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
နိုင်ငံတစ်နိုင်ငံနှင့်တစ်နိုင်ငံ ဆက်ဆံရေးကောင်းမွန်စေရန်အတွက် နှစ်နိုင်ငံ မှ ပြည်သူ
အချင်းချင်း ဆက်ဆံမှုမှ စတင်ဆောင်ရွက်ရမည်ဖြစ်ပြီး ကောင်းမွန်သော ဆက်ဆံရေးအတွက်
ပြည်သူချင်းဆက်ဆံမှုသည် အဓိကကျသည့် အခန်းကဏ္ဍမှပါဝင်သည်ဟု ၄င်းက ဆိုသည်။
မတူညီသည့် နိုင်ငံချင်း ဆက်ဆံရေးတွင် ကွဲပြားမှုများ ရှိနိုင်သော်လည်း ထိုမတူကွဲပြားမှုများကို
အခွင့်အလမ်းအဖြစ်ဆောင်ရွက်သော ချဉ်းကပ်ပုံစံဖြင့် လျှောက်လှမ်းရမည် ဖြစ်ကြောင်း၊ ချဉ်းကပ်မှုပုံစံသစ်ဖြင့် လျှောက်လှမ်းရာတွင် ဖြစ်ပေါ်လာသော ပြဿနာများကို အချင်းချင်း ချစ်ကြည်
ရင်းနှီးမှု၊ နားလည်မှုဖြင့် ဖြေရှင်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။
''မိမိတို့ နိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒ ကိုလည်း အပြန်အလှန်ချစ်ကြည်ရင်းနှီးမှု၊ နားလည်မှုရှိသော
ဆက်ဆံရေးဖြင့် ဆက်လက်ဆောင်ရွက် သွားမှာဖြစ်ပါတယ်''ဟု ပြည်ထောင်စုဝန်ကြီး
ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
















