ပါတီဝင်အဖြစ်က အထုတ်ခံလိုက်ရသည့်အပေါ် ကျေနပ်မှုမရှိကြောင်း ထုတ်ပယ်စာ ရရှိထားသူ
ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဇော်မြင့်ဖေက
မြန်မာ တိုင်း(မ်)ကို ဧပြီ ၂၄ ရက်တွင် ပြောကြားသည်။ ''ဒီကိစ္စကို တော်တော်မခံချင်ဖြစ်မိတယ်''ဟု
၄င်းကပြောသည်။
အထုတ်ခံရသူများမှာ ပြည်ထောင်စု လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ
စမ်းစစ်သုံးသပ်ရေး ကော်မရှင်မှ အဖွဲ့ဝင်အားလုံးနှင့် အစိုးရအဖွဲ့သစ်တွင် တာဝန်ထမ်းဆောင်နေ
သည့် ပြည်ခိုင်ဖြိုး ပါတီဝင်နှစ်ဦးဖြစ်သည့် သူရဦးအောင်ကိုနှင့် ဦးသိန်းဆွေတို့ ပါဝင်ပြီး စုစုပေါင်း
၁၇ ဦး ဖြစ်သည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ပြည်ခိုင် ဖြိုးတွင် လက်ရှိ တာဝန်ထမ်းဆောင်နေသည့် ပါတီဝင်များက
ဝင်ရောက်ထိန်းသိမ်းရန် လိုအပ်ကြောင်း ဦးဇော်မြင့်ဖေက ပြောသည်။ ၄င်းသည် ပြည်ခိုင်ဖြိုးပါတီသို့
၂ဝ၁ဝ ပြည့်နှစ်တွင် ဝင်ရောက်ခဲ့ပြီး ဗဟို အလုပ်အမှုဆောင်အနေဖြင့် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်
သည်။
''ပါတီကြီးကို လုပ်ချင်သလို လုပ်နေတာကို ဦးတို့က ပြောမယ်ဆိုမယ်။ အဓမ္မနည်းနဲ့ လုပ်မှာမဟုတ်ဘူး။
တရားသောနည်းနဲ့ လုပ်သင့်တာလုပ်မယ်''ဟု ¤င်းက ဆိုသည်။ ထုတ်ပယ်ခံရသည့်စာကို ဧပြီ ၂၄ ရက်
နံနက်ပိုင်းတွင် ရရှိခဲ့ပြီး စာအတွင်း ပါတီ၏ အထွေထွေအတွင်းရေးမှူးက ပါတီဥက္ကဋ္ဌ ဦးသိန်းစိန်
ကိုယ်စား လက်မှတ်ရေးထိုးထားကြောင်း ၄င်းက ပြောသည်။
အဆိုပါ ပါတီအနေဖြင့် အထက်ပါပုဂ္ဂိုလ် ၁၇ ဦးကို ပါတီဝင်အဖြစ်မှ ထုတ်ပယ်လိုက်ကြောင်း ရုံးအဖွဲ့မှူး
ဦးတင့်ဇော်က မီဒီယာများကို ဧပြီ ၂၃ ရက်တွင် ပြောကြားခဲ့သည်။ ပါတီကို သမ္မတဟောင်း ဦးသိန်းစိန်
ပြန်လည်စတင် တာဝန်ယူပြီးနောက် ဧပြီ ၂၂ ရက်တွင် ဗဟိုကော်မတီ အစည်းအဝေးတစ်ခု ကျင်းပကာ
အထက်ပါ ၁၇ ဦးကို ပါတီက ထုတ်ပယ် လိုက်ခြင်းဖြစ်သည်ဟု ဦးဇော်မြင့်ဖေက ပြောသည်။
ထုတ်ပယ်ခံရသည့် ပုဂ္ဂိုလ်စာရင်းတွင် ပါဝင်နေသည့် ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့်
အထူးကိစ္စရပ်များလေ့လာ စမ်းစစ် သုံးသပ်ရေးကော်မရှင်မှ အဖွဲ့ဝင် ဦးစောလှထွန်းကမူ ထုတ်ပယ်
ကြောင်းစာ လက်ခံရရှိခြင်း မရှိသေးသောကြောင့် အဆိုပါ ဖြစ်ရပ်နှင့် ပတ်သက်ပြီး ပြောကြားလိုခြင်း
မရှိဟု မြန်မာတိုင်း(မ်)သို့ ပြောသည်။
''ခုချိန်ထိ စာမရောက်သေးတော့ ဘာမှ ပြောလို့မရသေးဘူးဗျ။ ခုထိလည်း အထုတ်ခံရသည့်စာရင်း
ပါလားမပါလား မသိရသေးဘူး။ ပါခဲ့ရင် ဘယ်လိုဖြစ်မလဲ ဆိုတာလည်း အဲဒါတွေက သိမ်မွေ့တော့
ပြောလို့ မကောင်းသေးဘူး'' ဟု ဧပြီ ၂၄ ရက် တွင် ပြောသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ၂ဝ၁၅ ခုနှစ်၊ သြဂုတ် ၁၂ ရက် က အထူးအစည်း
အဝေး ခေါ်ယူခဲ့ပြီး ပါတီတွင်း အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် ပြီးခဲ့သည့် ပထမအကြိမ်
လွှတ်တော် သက်တမ်းအတွင်းကလည်း ပါတီဝင် အချို့ကို ထုတ်ပယ်လိုက်သည့် သတင်းများ
ထွက်ပေါ်ခဲ့သေးသော်လည်း ကာယကံရှင်များကို တရားဝင်အသိပေးခြင်း၊ တရားဝင် ရာထူးနေရာ
သတ်မှတ်ပေးခြင်းများကို ပွင့်လင်းမြင်သာစွာပြုလုပ်ခဲ့ခြင်း မရှိပေ။

















