သီးနှံစျေးကောင်းရသဖြင့် လယ်ယာမြေစျေးနှုန်းပါ မြင့်တက်

သီးနှံစျေးကောင်းရသဖြင့် လယ်ယာမြေစျေးနှုန်းပါ မြင့်တက်

ယခုနှစ် သီးနှံပေါ်ချိန်တွင် လယ်ယာထွက် ကုန်များ စျေးကောင်းရရှိခဲ့သောကြောင့် လယ်ယာမြေ စျေးနှုန်း
များလည်းလိုက်ပါ မြင့်တက်နေကြောင်း နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဒေသခံလယ်သမား
များက ဆိုသည်။

တောင်သူများအဓိကစိုက်ပျိုးကြသည့် စပါး၊ မတ်ပဲ၊ အစေ့ထုတ်ပြောင်းစသည့်ထွက်ကုန်များသည်
ယခင်နှစ်များက ရှိခဲ့သော ပေါက်စျေးများထက် သိသာစွာမြင့်တက်ခဲ့ပြီး လက်ရှိအချိန်ထိပင်
ဆက်လက်မြင့်တက် လျက်ရှိသည်။

''သီးနှံတွေစျေးကောင်းရရင်မြေတွေလည်း စျေးတက်တာပဲ။ အခုဆိုရင်တောင်သူအချင်း ချင်းအကြား အရောင်းအဝယ် ဖြစ်နေတဲ့ ပေါက် စျေးတွေက အ့ံမခန်းပဲ''ဟု လယ်ဝေးမြို့နယ်၊ အေးချမ်းသာကျေးရွာ
အုပ်စုမှ တောင်သူကြီး ဦးစံဝင်းက ဧပြီ ၁၉ ရက်တွင်ပြောသည်။

၄င်းတို့ဒေသအတွင်း၌ ယမန်နှစ် လယ်မြေပေါက်စျေးမှာ တစ်ဧကလျှင်ကျပ် ၁ဝ သိန်းမှ ၁၅ သိန်းအထိ
သာ ရှိခဲ့သော်လည်း ယခုနှစ်တွင်မူ တစ်ဧကလျှင် ကျပ် ၁၅ သိန်း အထက်နှင့် ၂၅ သိန်းအထိ ရှိသည်။
စပါး အဓိကစိုက်ပျိုးပြီး မတ်ပဲသီးနှံကိုဆောင်းသီးနှံအဖြစ်စိုက်ပျိုးလေ့ရှိကြသော လယ်မြေများမှာ
စိုက်ပျိုးရေ အရင်းအမြစ်နှင့် အကွာအဝေး၊ လမ်းနှင့်အနီးအဝေးပေါ် မူတည်ပြီး စျေးနှုန်းများလည်း
ကွာခြားလေ့ရှိသည်။

''ရေသွင်းလို့လွယ်တဲ့လယ်တွေနဲ့ လမ်းနဲ့နီး တဲ့ လယ်တွေက စျေးပိုတယ်။ တစ်ဧကကို ၂၅ သိန်းလောက်
ရှိတယ်။ ကျန်တဲ့လယ် တွေကတော့ နီးရင်နီးသလို၊ ဝေးရင်ဝေးသလို ပေါ့။ ဒါပေမဲ့ အနည်းဆုံးတော့
၁၅ သိန်း လောက်ရှိတယ်''ဟု လက်ပံတန်းကျေးရွာမှ တောင်သူ ဦးကိုကိုက ပြောသည်။

ပြီးခဲ့သည့် စိုက်ပျိုးရာသီအတွင်းဧကအလိုက် စပါး အထွက်နှုန်းမှာ သိသာစွာ တိုးတက်မှု မရှိခဲ့သော်လည်း ရရှိသောစပါးများမှာမူစျေး ကောင်းရရှိခဲ့ပြီး တင်း ၁ဝဝ လျှင် ကျပ် ခြောက်သိန်းမှ ခုနစ်သိန်းကျော်အထိရရှိခဲ့
သည်။ တစ်ဧကလျင် တင်း ၅ဝ မှ ၈ဝ အထိ ထွက်ရှိသည်ဟု ဆိုသည်။ နေပြည်တော်အချက်အချာနေရာ
အတွင်း ရှိ လယ်ယာမြေများမှာမူ စံပြကွက်များ ဖော်ထားခြင်း၊ အထွက်နှုန်းပိုကောင်းခြင်း၊ လမ်းပန်း
ဆက်သွယ်ရေးလွယ်ကူခြင်းများ ကြောင့် တစ်ဧကလျှင် ၃၅သိန်းနှင့်အထက်ရှိသည်။

''ကျွန်တော်တို့ ကွင်းမှာတော့ အနည်း ဆုံး ၃၅ သိန်းလောက်ရှိတယ်။ ဒါတောင် ရောင်းမယ့်သူမရှိဘူး၊
ဝယ်မယ့်သူ ပဲရှိတယ်''ဟု စံပြကွက်များဖော်ထုတ်ခဲ့သော အလျင်လို ကျေးရွာအနီးရှိ ပျဉ်းမနားမြို့နယ်၊
ကံဦး ကျေးရွာမှတောင်သူ ကိုမျိုးဝင်းကပြောသည်။

ယင်းလယ်မြေများသည် မိုးရာသီတွင် စပါး စိုက်ပျိုးလေ့ရှိပြီး၊ စပါးပြီးလျှင် သီးထပ်သီးနှံ အဖြစ်မတ်ပဲကို
အားထားစိုက်ပျိုးလေ့ရှိသည်။ ဆည်ရေရရှိသောကြောင့် တစ်ဧကလျှင် စပါး တင်း ၈ဝ အထက်ထွက်ရှိ
သည့်အပြင် မတ်ပဲ စိုက်ပျိုးရန်အတွက်ပါအခြေအနေကောင်းများ ရရှိခြင်း၊ နောင်တွင်လယ်ယာမြေကို
စိုက်ပျိုး ရေးမဟုတ်သော အခြားလုပ်ငန်းများအတွက် အသွင်ပြောင်းအသုံးချနိုင်ခြင်းများကြောင့် လည်း အခြားဒေသများထက် စျေးပိုရရှိနေ ခြင်းဖြစ်ကြောင်း ကိုမျိုးဝင်းက ဆိုသည်။

မတ်ပဲစျေးနှုန်းသည်ယခင်နှစ်များက တစ် တင်းလျှင် ကျပ်နှစ်သောင်းကျော်သာ ပေါက် စျေးရှိခဲ့သော်လည်း
ယခုနှစ်တွင်မူ ၅သောင်းနှင့် အထက်ရှိနေပြီးဆက်လက်မြင့်တက်လာရန် လည်းရှိနေကြောင်း သိုလှောင်
ရောင်းချသူ တစ်ဦး ဖြစ်သည့် ဦးလှစောကပြောသည်။

အထက်ပါ လယ်ယာမြေစျေးနှုန်းများသည် တောင်သူအချင်းချင်းအကြားအရောင်းအဝယ် ဖြစ်ပေါ်နေ
သည့် စျေးနှုန်းများသာဖြစ်ပြီး ဦးပိုင်(ပိုင်ရှင်အမည်)ပြောင်းလဲခြင်းနှင့် အခြား လိုအပ်သောဆောင်ရွက်
မှုများကိုမူ ဝယ်ယူသူ က ဆက်လက်ဆောင်ရွက်ရမည်ဖြစ်သည်။ 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး