ဝန်ကြီးဌာနများ၏ ဖွဲ့စည်းပုံပြင်ဆင် ရေးဆွဲ ရေး ခန့်မှန်းထားသည်ထက် စောဖွယ်ရှိ

ဝန်ကြီးဌာနများ၏ ဖွဲ့စည်းပုံပြင်ဆင် ရေးဆွဲ ရေး ခန့်မှန်းထားသည်ထက် စောဖွယ်ရှိ

အစိုးရဝန်ကြီးဌာနသစ်များ၏ ဖွဲ့စည်းပုံ ပြင်ဆင်ရေးဆွဲရေးနှင့် ပတ်သက်၍ တစ်လ နှစ်လခန့်ကြာမြင့်
မည်ဟု ခန့်မှန်းထား သော်လည်း ယခုတွင်မူ ဆောလျင်စွာ ဖွဲ့စည်းနိုင်မည်ဟု ထင်မြင်ကြောင်း
ဧပြီ ၂၁ ရက်တွင် နေပြည်တော် နိုင်ငံတော်သမ္မတ အိမ်တော် အစည်းအဝေးခန်းမ၌ ပြုလုပ်သည့်
အစည်းအဝေး၌ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က ပြောကြား
လိုက်သည်။

အဆိုပါ အစည်းအဝေးတွင် ဒေါ်အောင် ဆန်းစုကြည်က အချို့ဝန်ကြီးဌာနများကို လျှော့ချခဲ့သည့်နည်းတူ
အချို့ဝန်ကြီးဌာနများကို ပေါင်းစည်းခဲ့ရာတွင် ပေါင်းစည်းသည့် ဝန်ကြီးဌာနများ လုပ်ငန်းချောမွေ့ စေရေး
အတွက် ပြန်လည်ဖွဲ့စည်းရပါကြောင်း၊ ဖွဲ့စည်းပုံ ပြန်လည်ပြင်ဆင်ရာတွင် ဆောင်ရွက်ရမည့် လုပ်ငန်းများကို စောလျင်စွာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် ဆောလျင်စွာဖွဲ့စည်းသည့် အတွက် နောင်တွင် ပြင်ဆင်စရာများ ရှိလာနိုင်သည်ကိုလည်း
ထည့်သွင်းစဉ်းစားရမည် ဖြစ်ပြီး ဝန်ကြီးဌာန အသီးသီးပြန်လည် ပြင်ဆင်ဖွဲ့စည်းမည့်ကိစ္စတွင်
တစ်ဦးနှင့် တစ်ဦး သတိပေးအကြံပြုစရာများရှိပါက သတိပေးအကြံပြုစေလိုကြောင်းလည်း
ထည့်သွင်း ပြောကြားခဲ့သည်။

ထို့နောက် အစည်းအဝေးတက်ရောက် သည့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအပါအဝင် ဝန်ကြီးဌာန
ကိုးခုမှ ပြည်ထောင်စု ဝန်ကြီးများ၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့်
ကျန်းမာရေးဝန်ကြီးဌာနတို့မှ အမြဲတမ်း အတွင်းဝန်များ၊ နိုင်ငံတော် သမ္မတရုံး ဖွဲ့စည်းပုံ ပြင်ဆင်ရေး
စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌတို့က ဖွဲ့စည်းပုံ အသစ်ပြင်ဆင်ရေးဆွဲ မှုနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြ
ကာ ပြည်ထော်စုစာရင်းစစ်ချုပ်ရုံး အမြဲတမ်း အတွင်းဝန်က စာရင်းစစ်ချုပ်ရုံး၏ သဘောထား
မှတ်ချက်ကို ဆွေးနွေးတင်ပြသည်။

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က ပေါင်းစပ်ညှိနှိုင်းပေးပြီး
ရက် ၁ဝဝ အတွင်း ဆောင်ရွက်မည့် အစီအစဉ်များနှင့် စပ်လျဉ်း ၍ သီးခြားအစည်းအဝေးများ၌ တင်ပြ
ဆောင်ရွက်ရန်ဖြစ်ကြောင်း နိဂုံးချုပ် အမှာ စကားပြောကြားခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး