ပြီးခဲ့သည့် ၂ဝ၁၅ ခုနှစ် မတ်လအတွင်းက ခရီးသည် ၁၆ဝ ကျော်သေဆုံးခဲ့သော အောင်တံခွန်(၃)
သင်္ဘောနစ်မြုပ်မှုဖြစ်ပွားခဲ့ပြီးနောက် အစိုးရပိုင်ရေကြောင်းပို့ဆောင်ရေး မရှိတော့သည့် ရခိုင်ပြည်
နယ် တောင်ပိုင်းတွင် နိုင်ငံပိုင်သင်္ဘောများ ပြန်လည်စတင် ပြေးဆွဲမည့်အချိန်ကို သေချာမပြောနိုင်သေး
ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က
မေ ၂ ရက်တွင်ကျင်းပသည့် ပြည်သူ့လွှတ်တော်တွင် ပြောသည်။
အစိုးရရေကြောင်း ပို့ဆောင်ရေးစနစ် မရှိတော့သောကြောင့် ဒေသခံပြည်သူများ အခက်အခဲတွေ့ကြုံနေ
ရကြောင်း ရခိုင်တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ် ဦးဘရှိန်က တင်ပြခဲ့သော်လည်း ၄င်းရေ
ကြောင်း ခရီးစဉ်အတွက် သင့်လျော်သော သင်္ဘောမရှိသေးသောကြောင့် အသစ်တည် ဆောက်ရန်
ကြိုးစားနေကြောင်းပြည်ထောင်စုဝန်ကြီးက ပြန်လည်ဖြေကြားခဲ့သည်။
''လောလောဆယ်တော့ သည်းခံပေးကြဖို့ပဲ မေတ္တာရပ်ခံရမှာဖြစ်ပါတယ်'' ဟု ၄င်းက ဆိုသည်။
ယခင်အစိုးရပိုင် သင်္ဘောများပြေးဆွဲခဲ့စဉ်က ခရီးသည်တစ်ဦးလျှင် ကျပ် ၃,ဝဝဝ ခန့် သာပေးခဲ့ရ
သော်လည်း ယခုရှပ်ပြေးယာဉ်များမှာမူ ခရီးသည်တစ်ဦးလျှင် ကျပ် ၁၆,ဝဝဝ အထိပေးရသည်။
သို့သော်လည်း ပြည်ထောင်စုဝန်ကြီးကမူ လက်ရှိ ဆိုက်ကပ်ရပ်နားထားသော သင်္ဘောများသည်
မြစ်ကြောင်းသွားယာဉ်များသာဖြစ်ပြီး ကမ်းရိုးတမ်းသွားယာဉ်များ မဟုတ်သောကြောင့် ပြန်လည်
ပြေးဆွဲပေးရန် မသင့်လျော်ဘဲ သင့်လျော်သည့် ရေယာဉ်အသစ်တစ်စင်း တည်ဆောက်နိုင်ရန်သာ
ကြိုးစားနေခြင်းဖြစ်သည်ဟုဆိုသည်။
အဆိုပါရေကြောင်းခရီးစဉ်တွင် ယခင်က အောင်တံခွန်လိုင်း၊ အလင်းရောင်လိုင်းနှင့် အလောင်းဘုရား
လိုင်းတို့က နှစ်ပေါင်း ၂ဝ ကျော် ပြေးဆွဲခဲ့ပြီး ကြီးကြီးမားမား ထိခိုက်မှု မရှိခဲ့သဖြင့် ပြဿနာ ဖြစ်ပွားခြင်း
မရှိခဲ့သော်လည်း လူ ၁၆ဝ ကျော် သေဆုံးခဲ့သော အောင်တံခွန်(၃) ရေယာဉ်နစ်မြုပ်ပြီး နောက်ပြဿနာ
ဖြစ်ပွားကာ ရပ်နားနေခြင်း ဖြစ်သည်။
လက်ရှိတွင်မူ ဝန်ကြီးဌာနက ဂျပန်နိုင်ငံ၏ အကူအညီဖြင့် ကမ်းရိုးတန်းသွား သင်္ဘောတစ်စင်း
တည်ဆောက်နိုင်ရန်ကြိုးစားလျက် ရှိသည်။ အဆိုပါသင်္ဘော တည်ဆောက်ရန်အတွက် ဂျပန်နိုင်ငံက
ယန်းသန်း၂ဝဝ ကူညီထားရာ ယင်းငွေပမာဏနှင့် ညီမျှသောသံပြား၊ သံကိုင်း များထောက်ပ့ံရန် ညှိနှိုင်း
လျက်ရှိသည်။ ထို့ပြင် သင်္ဘောဒီဇိုင်းရေးဆွဲရန်အတွက်လည်း ပြည်တွင်းအင်ဂျင်နီယာများနှင့် ဆောင်ရွက်
လျက်ရှိကြောင်း ဦးသန့်စင်မောင်က ဆိုသည်။
















