လူမှုဘဝလုံခြံုမှု ရရှိစေရန် ဆောင်ရွက်မည်ဟု အလုပ်သမားနေ့တွင် သမ္မတဦးထင်ကျော် ပြောကြား

လူမှုဘဝလုံခြံုမှု ရရှိစေရန် ဆောင်ရွက်မည်ဟု အလုပ်သမားနေ့တွင် သမ္မတဦးထင်ကျော် ပြောကြား

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ၂ဝ၁၆ ခုနှစ် မေ ၁ ရက်တွင်
ကျရောက်သော အလုပ်သမားနေ့ အခမ်းအနားသို့ သဝဏ်လွှာ ပေးပို့ခဲ့ရာတွင် ယခုကဲ့သို့ ရက်မြတ်
မင်္ဂလာ အချိန်အခါတွင် မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ အလုပ်သမားကြီးများအားလုံး ကိုယ်စိတ် နှစ်ဖြာ
ကျန်းမာ၊ ချမ်းသာကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သရင်းဖြင့် နှုတ်ခွန်း ဆက်သအပ်ပါကြောင်း
အစချီထားသည်။

ထို့နောက် မေ ၁ ရက်သည် မြန်မာနိုင်ငံ ရှိ အလုပ်သမားကြီးများအတွက် အဓိပ္ပာယ် ပြည့်ဝသည့်
နေ့ထူးနေ့မြတ် အခါသမယ ဖြစ်သကဲ့သို့ ပြည်သူများ၏ ဆန္ဒဖြင့် ရွေးကောက်တင်မြှောက်ထားသည့်
အစိုးရသစ် တာဝန်ယူဆောင်ရွက်မှုသည်လည်း တစ်လပြည့်မြောက်သည့်နေ့ ဖြစ်ပါကြောင်း၊
အစိုးရသစ်အနေဖြင့် နှစ်ရှည်လများ ပြည်သူလူထု လိုလားတောင့်တနေသည့် နိုင်ငံရေး ရည်မှန်းချက်
အကောင်ထည်ပေါ်လာစေရေးအတွက် မဆုတ်မနစ် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်သွားမှာ
ဖြစ်သလို အလုပ်သမားကြီးများနှင့် လက်တွဲကာ လူမှုရေး တရားမျှတမှုအပေါ် အခြေခံသည့် အစိုးရ၊
အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် ပူးပေါင်း ဆောင်ရွက်မှုဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက် စေဖို့
ဆောင်ရွက်သွားမည်ဟု ဆိုသည်။

ထို့ပြင် မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်သည့်အားလျော်စွာ ၂ဝ၁၅ ခုနှစ်၊ ဒီဇင်
ဘာ ၃၁ ရက်၌ အာဆီယံအသိုက် အဝန်းတစ်ရပ် တည်ထောင်ပြီးဖြစ်သည့် အတွက် အလုပ်သမား
များအနေဖြင့် အာဆီယံ ဒေသအတွင်းတွင် လွတ်လပ်စွာ ရွှေ့ပြောင်းသွားလာလုပ်ကိုင်နိုင်တော့မှာ
ဖြစ်ပါကြောင်း၊ ထို့ကြောင့် လုပ်သားထုအနေဖြင့် အာဆီယံ ဒေသတွင်းနိုင်ငံများမှ အလုပ်သမား
များနှင့် ယှဉ်ပြိုင်ရမှာ ဖြစ်သည့်အတွက် သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍအလိုက်နှင့် နယ်ပယ်အသီးသီးတွင်
ကျွမ်းကျင်မှုရှိရန် လိုအပ်လာမှာ ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အနေဖြင့် ပုဂ္ဂလိကလုပ်ငန်းရှင်
များနှင့် ပူးပေါင်းကာ ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်းများကို တိုးချဲ့ဖွင့်လှစ်ပြီး ကျွမ်းကျင်
လုပ်သားများ မွေးထုတ်ပေးနိုင်ရေး ဆောင်ရွက်လျက် ရှိပါကြောင်း သဝဏ်လွှာတွင် ဖော်ပြသည်။

ပြည်တွင်း၊ ပြည်ပတွင် အလုပ်လုပ်နေကြ သည့် မြန်မာအလုပ်သမားများ၏ လိုအပ်ချက်များကို ဖြည့်
ဆည်း ဆောင်ရွက်ပေးနိုင်ရန်နေပြည်တော်နှင့် ရန်ကုန်မြို့တို့၌ Complaints Mechanism Center
တစ်ခုစီ ဖွင့်လှစ်ပေးထားကာ အလုပ်သမားရေးရာ ကိစ္စများကို ၂၄ နာရီ လက်ခံဖြေရှင်း ဆောင်ရွက်
ပေးလျက်ရှိပါကြောင်း၊ ထို့ပြင် ရန်ကုန်နှင့် မန္တလေး အပါအဝင် မြို့ကြီး ၁၁ မြို့တွင် ရွှေ့ပြောင်း
အလုပ်သမား ထောက်ပံ့ကူညီပေးရေး ဗဟိုဌာနများ ဖွင့်လှစ်ပေးထားသည့်အပြင် အားနည်းလိုအပ်ချက်
များ တွေ့လာပါက သင့်လျော်သည့် ပြုပြင်မှုများကို အလေးထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း
ဆိုသည်။

အလုပ်သမားကြီးများအနေဖြင့် ရသင့် ရထိုက်သည့် အခွင့်အရေးများရရှိခံစားနိုင် စေရန်အတွက်
ပြဋ္ဌာန်းထားသည့် ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုက်နာ ဆောင်ရွက်ကြရန်နှင့် ကုန်ထုတ်
စွမ်းအား အပြည့်အဝပေးနိုင်ရန် လိုအပ်ပါကြောင်း၊ သို့ဖြစ်ရာ ထုတ်ပြန်ထားသည့် ဥပဒေများအား
စဉ်ဆက်မပြတ်လေ့လာပြီး အလုပ်သမားကြီးများအချင်းချင်း သိရှိအောင်မျှဝေ၍ အလုပ်သမားထု
တစ်ရပ်လုံး ညီညွတ်စွာပူးပေါင်း ဆောင်ရွက်ကြရန် တိုက်တွန်းထားသည်။

ထို့နောက် သမ္မတကြီးက အစိုးရသစ်အနေဖြင့် အလုပ်သမားကြီးများအပါအဝင် ပြည်သူများ၏
လူမှုဘဝ လုံခြံုမှုရရှိစေရန် အစွမ်းကုန် အားထုတ်ကြိုးပမ်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း အသိပေး
ပြောကြားကာ အလုပ်သမားကြီးများ စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းတို့နှင့် ပြည့်စုံလျက်
နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းကာ
သဝဏ်လွှာကို နိဂုံးချုပ်ခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး