ဖားကန့်ရတနာမြေတွင် ထပ်မံလုပ်ကိုင်ခွင့် မပေးတော့

ဖားကန့်ရတနာမြေတွင် ထပ်မံလုပ်ကိုင်ခွင့် မပေးတော့

လုံးခင်းဖားကန့်ရတနာမြေတွင် သတ်မှတ်လုပ်ကွက်အသစ်များ၊ ဖော်ထုတ်လုပ်ကွက်အသစ်များနှင့်
အကျိုးတူ လုပ်ကွက်အသစ်များ ထပ်မံလုပ်ကိုင်ခွင့်ချပေးမှု မပြုတော့ဟု သယံဇာတနှင့်
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက
မေလ ၁၁ရက်နေ့က ကျင်းပသည့် အမျိုးသား လွှတ်တော်အစည်းအဝေးတွင် ပြောကြားလိုက်သည်။

ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)မှ လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့်၏ အဆိုပါကိစ္စနှင့်
စပ်လျဉ်းသည့် မေးခွန်းပေါ် ဦးအုန်းဝင်းက အထက်ပါအတိုင်းဖြေကြားခဲ့ခြင်းဖြစ်ပြီး ကျောက်မျက်ရတနာ
ကုမ္ပဏီ အဟောင်း/အသစ်များသို့ ထပ်မံလုပ်ကိုင်ခွင့် မချပေးတော့ဘဲ ကျောက်စိမ်းရိုင်းသယံဇာတများ
တူးဖော်ထုတ်လုပ်ခြင်းကို ကန့်သတ်သွားမည်ဟု ပြောကြားခဲ့သည်။

ဦးခင်မောင်မြင့်က ကချင်ပြည်နယ် ဖားကန့် ကျောက်စိမ်းနယ်မြေ၌ အတိုင်းအဆမဲ့ ကျောက်စိမ်း
တူးဖော်ခြင်း စည်းကမ်းမဲ့ မြေစာစွန့်ပစ်ခြင်းတို့ကြောင့် သဘာဝပတ်ဝန်းကျင်ဆိုးရွားစွာပျက်စီးခြင်း၊
မြေစာပြို၍ အသက်ဆုံးရှုံးမှုများဖြစ်ခြင်းတို့ကြောင့် ဒေသခံများကိုယ်တိုင်က ဆန့်ကျင်တားမြစ်နေရခြင်း
တို့ဖြစ်ပွားနေရာ နိုင်ငံတော် အစိုးရအနေဖြင့် သက်ဆိုင်ရာကုမ္မဏီများအား ဥပဒေနှင့်အညီ စနစ်တကျ
အချိန်မီတားမြစ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးမြန်းခဲ့ခြင်းဖြစ်သည်။

"လုံးခင်း ဖားကန့် ရတနာမြေမှာရှိတဲ့ ကျောက်စိမ်းရိုင်း သယံဇာတများကို သားစဉ်မြေးဆက်
အသုံးပြုနိုင်ရေး၊ အတိုင်းအဆမဲ့ ကျောက်စိမ်းတူးဖော်မှု မရှိစေရေး မြေစာပုံပြိုကျပြီး မြေစာပိတဲ့
ဖြစ်စဉ်များ ဖြစ်ပွားမှု မရှိစေရေးနဲ့ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု မရှိစေရေးတို့အတွက် သယံဇာတနှင့်
သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအနေနဲ့ ဥပဒေနဲ့အညီ အစီအမံများရေးဆွဲပြီး
အလေးထားဆောင်ရွက် လျှက်ရှိပါတယ်။ လုံးခင်းဖားကန့်ရတနာနယ်မြေမှာ ကျောက်စိမ်းရိုင်း
သံယံဇာတများကို အတိုင်းအဆမဲ့ တူးဖော်မှု မရှိစေရေးအတွက် သတ်မှတ်လုပ်ကွက်အသစ်များ
ဖော်ထုတ်လုပ်ကွက် အသစ်များ အကျိုးတူ လုပ်ကွက်အသစ်များအား ကျောက်မျက်ရတနာကုမ္မဏီ
အဟောင်း/အသစ်များသို့ ထပ်မံ လုပ်ကိုင်ခွင့်ချပေးမှု မပြုတော့ဘဲ ကျောက်စိမ်းရိုင်း သယဇာတများ
တူးဖော်ထုတ်လုပ်ခြင်းကို ကန့်သတ်သွားမှာဖြစ်ပါတယ်" ဟု ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက
ပြောကြားခဲ့သည်။

"မြန်မာ့ ကျောက်မျက်ရတနာဥပဒေ နည်းဥပဒေနှင့်အညီ လုပ်ကွက်များကို ကုမ္မဏီ လုပ်ကွက်
အရေအတွက် ကန့်သတ်၍ လုပ်ကိုင်ခွင့်ချပေးထားခြင်းနဲ့ ပတ်သက်လို့ မြန်မာ့ ကျောက်မျက်ရတနာ
ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကို ၂၉.၁.၂၀၁၆ ရက်နေ့မှာ ပြဌာန်းခဲ့ပါတယ်။
ယင်းဥပဒေနဲ့ ကိုက်ညီတဲ့ နည်းဥပဒေကို ရေးဆွဲလျက်ရှိပါတယ်။ နည်းဥပဒေပြဌာန်းပြီးပါက
ကျောက်မျက်ရတနာ အကြီးစားနဲ့ အလတ်စား အသေးစားနဲ့ လက်လုပ်လက်စားလုပ်ကွက်များကို
ကုမ္မဏီအလိုက် လုပ်ကွက်အရေအတွက် ကန့်သတ်၍ လုပ်ကိုင်ခွင့်ချပေးခြင်းဖြင့် တူးဖော်မှု
လုပ်ငန်းများကို ထိန်းချုပ်သွားမှာ ဖြစ်ပါတယ်" ဟု ၄င်းက ထပ်လောင်းပြောကြားခဲ့သည်။

၂၀၀၁ ခုနှစ်က သတ်မှတ်ခဲ့သော လုံးခင်း ဖားကန့်ရတနာမြေဧရိယာအကျယ်အဝန်းသည်
၁၇၄၄၇၅၇ ဧက ရှိပြီး လက်ရှိအခြေအနေတွင် နိုင်ငံတော်နှင့် အကျိုးတူလုပ်ကွက် ၃၀၅ ကွက်၊
ပုဂ္ဂလိက လုပ်ကွက် ရ၃၄၄ ကွက် လုပ်ကိုင်ခွင့်ချထားပေးလျှက် ရှိသည့်အတွက်
လုပ်ကိုင်ခွင့်ချပေးသည့် ဧရိယာသည် ရတနာမြေ ဧရိယာ၏ ၁ ဒသမ ၂၅ ရာခိုင်နှုန်းဖြစ်သည်ဟု
သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး