မေလ ၁၆ ရက်နေ့က နိုင်ငံတော်သမ္မတအိမ်တော်တွင် ပြုလုပ်သော ညှိနှိုင်းအစည်းအဝေးတွင်
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နှစ်ဆယ့်တစ်ရာစု ပင်လုံညီလာခံ အကြို
ပြင်ဆင်ရေးလုပ်ငန်းစဉ်များ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ကြရန် ပြောကြားလိုက်ကြောင်း
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။
အစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးဗဟိုဌာန
(MPC) အား အမျိုးသားရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (National Reconciliation and
Peace Centre - NRPC) အဖြစ် ပြောင်းလဲဖွဲ့စည်းပြီး နိုင်ငံတော်အတိုင်ပင်ခံရုံး
ဝန်ကြီးဌာနအောက်တွင် အစိုးရအဖွဲ့အစည်းတစ်ရပ်အနေဖြင့် ထားရှိမည်ဖြစ်ကြောင်း၊
ဘတ်ဂျက်သုံးစွဲမှု စည်းမျဉ်း စည်းကမ်း၊ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများနှင့်အညီ ဌာနရုံးချုပ်ကို
နေပြည်တော်တွင်လည်ကောင်း၊ လက်ရှိ ရန်ကုန် MPC ရုံးကို NRPC ၏ ရန်ကုန်ရုံးခွဲအဖြစ်
လည်းကောင်း ပြောင်းလဲဖွဲ့စည်းမည်ဖြစ်ကြောင်းနှင့် NRPC ပြန်လည်ပြင်ဆင်ဖွဲ့စည်းမှု
လုပ်ငန်းစဉ်များကို ဦးကျော်တင့်ဆွေက ဦးဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပရန်အတွက် သင့်လျော်သည့် ညီလာခံခန်းမနေရာ
ရွေးချယ်ရန်၊ ညီလာခံကျင်းပနိုင်ရန် အကြိုပြင်ဆင်ရေးကော်မတီတစ်ရပ်၊
NCA လက်မှတ်ရေးထိုးပြီးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ဆွေးနွေးရန်
ဆပ်ကော်မတီတစ်ရပ်၊ လက်မှတ်မရေး ထိုးရသေးသော တိုင်းရင်းသားလက်နက်ကိုင်
အဖွဲ့အစည်းများနှင့် ဆွေးနွေးရန် အခြားဆပ်ကော်မတီ တစ်ရပ်တို့ကို ယခုသီတင်းပတ်အတွင်း
ဖွဲ့စည်းပြီး တစ်ပြိုင်နက် သီးခြားစီ ညှိနှိုင်းသွားကြရန် ညွှန်ကြားခဲ့သည်။
အမျိုးသားရင်ကြားစေ့ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးအတွက် ပါဝင်သူအားလုံးသည် NCA ကို
အခြေခံ၍ မိမိတို့မည်သည်ကို လိုချင်သည်ဟူသော တောင်းဆိုမှုထက် မိမိတို့ဘက်က မည်သည်ကို
ပေးနိုင်သည်ဟူသော ကမ်းလှမ်းချက်ကို အလေးထားကာ ပြောင်းလွယ် ပြင်လွယ်ဆွေးနွေးကြရန်၊
အရပ်ဘက်လူမှုအဖွဲ့အစည်း Civil Society Organization များကို CSO Forum တစ်ခုအဖြစ်
ဖွဲ့စည်းပြီး ထွက်ပေါ်လာသော အကြံပြုတင်ပြချက်များကို ထည့်သွင်းစဉ်းစားကာ
သိပ်သည်းကျစ်လစ်သော ဆွေးနွေးပွဲကို ဖော်ဆောင်နိုင်ရန် ရည်ရွယ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း
သိရသည်။
အစည်းအဝေးသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ စေ့စပ်ညှိနှိုင်းရေးတာဝန်ခံ
ဒေါက်တာတင်မျိုးဝင်း၊ အစိုးရကိုယ်စားလှယ်များ၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စု
ဝန်ကြီးအဖြစ် အမည်စာရင်း တင်သွင်းခံရသူ ဦးကျော်တင့်ဆွေ၊ တပ်မတော် ကိုယ်စားလှယ်များ၊
မြန်မာနိုင်ငံငြိမ်းချမ်းရေးပြန်လည်ထူထောင်ရေး ဗဟိုဌာနမှ ကိုယ်စားလှယ်များ၊ ရန်ကုန်တိုင်းဒေသကြီး
အစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးမှ ဦးမိုးဇော်ဦးတို့
တက်ရောက်ကြသည်။

















