မြန်မာနိုင်ငံ ရဲအရာရှိများ၏ အရည်အသွေး မြှင့်သင်တန်းကို မေ ၃ဝ ရက်မှစတင် အကောင်အထည်
ဖော်သွားမည်ဟု ဒုတိယရဲချုပ် သိန်းဦးက မေ ၁၆ ရက်က ပြောကြားသည်။
''ဒီလကုန်ပိုင်းမှာဆိုရင်လည်း ရဲအရာရှိ တွေနဲ့ ပတ်သက်လို့ အရည်အသွေးမြှင့်တင်တဲ့ သင်တန်း
တွေကို စပြီးလုပ်သွားမှာပဲ ဖြစ် ပါတယ်''ဟု ၄င်းက အဆိုပါနေ့က နေပြည်တော်တွင် မြန်မာနိုင်ငံ
ရဲတပ်ဖွဲ့နှင့် UNODC တို့ ပူးတွဲ ပြုလုပ်သည့် ' မြန်မာနိုင်ငံရဲတပ်ဖွဲ့၏လေ့ကျင့်ရေးစနစ်များ
တိုးတက်ရေးအတွက် ထောက်ခံအကြံပြုချက်များ၏ အစီရင်ခံစာ အပေါ် ပြန်လည်သုံးသပ်သည့်
ဆွေးနွေးပွဲ' အပြီးတွင် သတင်းထောက်များကို ပြောကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါအရည်အသွေးမြှင့်တင်မှုသင်တန်း သည် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ပုံစံပြုပြင် ပြောင်းလဲရေး
လုပ်ငန်းစဉ်များထဲက တစ်ခုဖြစ်ပြီး UNODC က UNICEF၊ UNFPA၊ UNDP တို့နှင့် ပူးပေါင်းကာ
အဆင့်လေးဆင့်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်သည်။
''သင်တန်းနဲ့ ပတ်သက်ပြီး ဆွေးနွေးကြတဲ့ အထဲမှာ ဧရိယာနယ်ပယ် နှစ်ခုပေါ့၊ တစ်ခုက
တော့ မြှင့်တင်မယ့် အသိပညာပေးခြင်းနဲ့ ပတ်သက်လို့ စွမ်းဆောင်ရည်မြှင့်တင်ခြင်းကို
လုပ်သွားမှာဖြစ်တယ်။ နောက်တစ်ခုကတော့ အခြေခံအဆောက်အအုံအပိုင်းကို ဘယ်လို
ဆက်လုပ်မလဲဆိုတာကိုပေါ့။ အဓိကလိုအပ်ချက်ကတော့ တည်ဆောက်မှုတွေကို မြှင့်တင်မယ်
ဆိုရင် ဘတ်ဂျက်အပိုင်းလိုတာပေါ့'' ဟု ဒုတိယရဲချုပ်က ပြောသည်။
လောလောဆယ်တွင် အထောက်အကူပြု ပစ္စည်းများ UNODC တွင်လည်းရှိနေပြီး မကြာမီ
အမြန်ဆုံး အကောင် အထည်ဖော်မည် ဟုလည်း ပြောကြားသည်။ UNODC က ရဲသင်တန်း
ကျောင်းများနှင့် ပတ်သက်ပြီး ငွေကြေးအပြင် သင်ထောက်ကူ ပစ္စည်း၊ သင်တန်း
သင်ရိုးညွှန်းတမ်းထပ်မံ ဖြည့်တင်းခြင်းများကိုလည်း ပံ့ပိုးကူညီသွား မည်ဟု ၄င်းက ဆိုသည်။
''သူတို့(UNODC) အပိုင်းက သင်ထောက် ကူပစ္စည်းလိုအပ်ချက်တွေကိုလည်း ပံ့ပိုးပေး
သွားမယ်။ သင်ခန်းစာတွေနဲ့ ပတ်သက်လို့လည်း update ဖြစ်အောင် ဖြည့်တင်းပြီး
ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်၊ ကလေးသူငယ်နဲ့ ပတ်သက်တဲ့ကိစ္စတွေ၊ အမျိုးသမီး
အကြမ်းဖက်မှုကိစ္စတွေ စသဖြင့် ထပ်မံဖြည့် တင်းပြီးတော့ သင်ရိုးညွှန်းတမ်းထဲမှာ ဖြည့်
ပေးသွားမှာပါ။ အဲဒါကြောင့် ကျွန်တော်တို့ တပ်ဖွဲ့အတွက် အများကြီး အလားအလာ
ကောင်းတာပေါ့''ဟု ဒုတိယရဲချုပ် သိန်းဦးက ပြောသည်။
ရဲတပ်ဖွဲ့ပုံစံ ပြုပြင်ပြောင်းလဲခြင်းကို ၂ဝ၁၂ ခုနှစ်ကတည်းက စ၍ မြန်မာ နိုင်ငံရဲတပ်ဖွဲ့က
UNODC နှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိပြီး ၂ဝ၁၄ ခုနှစ်တွင်မူ ဒုတိယအကြိမ်အဖြစ်
လေ့လာသုံးသပ်ခဲ့ ပြီးနောက် ယခုအခါ ပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်များအနက် သင်တန်း
ပိုင်းကို အဓိက ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
''အစီရင်ခံစာနဲ့ပတ်သက်လို့ကတော့ ရဲသင်တန်းကျောင်းတွေမှာသင်တဲ့ သင်ရိုးညွှန်းတမ်း
အပိုင်းပေါ့။ ပြောင်းလဲလာတဲ့ ခေတ် စနစ်နဲ့ ရဲအရာရှိတွေမှာ လိုအပ်မယ့် သင်တန်းပိုင်းဆိုင်
ရာမှာ ဘယ်လိုမျိုး မြှင့်တင်ပြီးတော့ ဆောင်ရွက်သွားမလဲဆိုတာကို ပြောင်းလဲလုပ်
ဆောင်မယ့်အပိုင်းပါ။ နောက်တစ်ပိုင်းကတော့ သင်တန်းနဲ့ပတ်သက်လို့ အဆောက်အအုံ
လိုအပ်ချက်တွေ၊ သင်တန်းသားတွေရဲ့ နေထိုင်ရေး၊ စားသောက်ရေး၊ အထောက်အကူပစ္စည်း
လိုအပ်ချက်တွေ ဖြည့်ဆည်းဖို့အတွက် ဆွေးနွေး သွားတာပါ''ဟု ဦးသိန်းဦးက ပြောသည်။
ယခုသင်တန်းကျောင်းများအတွက် ့ြဦဃ ၏ ပံ့ပိုးမည့် ငွေကြေးကို မြန်မာ နိုင်ငံရဲတပ်ဖွဲ့သို့
အတိအကျမပြောသေးဘဲ ရဲတပ်ဖွဲ့တစ်ခုလုံးပြုပြင်ပြောင်းလဲမှုအတွက် လျာထားသည့်
ငွေကြေးမှာ အကြမ်းဖျဉ်းအား ဖြင့် ယခုနှစ်မှစတင်ပြီး ငါးနှစ်စာ အမေရိ ကန်ဒေါ်လာ
၁၂ သန်းခန့် ခန့်မှန်းထားသည် ဟု ရဲမှူးကြီးအောင်ဌေးမြင့်က ဆိုသည်။

















