မေလ ၁၈ ရက်နေ့က ရဲများနှင့် ရုန်းရင်းဆန်ခတ် ပဋိပက္ခဖြစ်ပေါ်ခဲ့ပြီးနောက် ဖမ်းဆီးခြင်းခံခဲ့ရသည့်
လမ်းလျှောက်ဆန္ဒပြအလုပ်သမား ရ၁ ဦးအနက် ၂၀ ဦးအား စစ်ကိုင်းမြို့ရှိ သက်ဆိုင်ရာ
တာဝန်ရှိသူများထံ မေလ ၁၉ ရက်နေ့၊ နံနက် ဆယ်နာရီအချိန်တွင် ပြန်လည်အပ်နှံလိုက်ပြီဖြစ်သည်။
အဆိုပါ အမျိုးသား ဆယ်ဦး၊ အမျိုးသမီး ဆယ်ဦးသည် အဖမ်းခံရသည့် အလုပ်သမားခေါင်းဆောင်နှင့်
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂအဖွဲ့မှ ၀န်းရံသူ ၁၄ ဦးမှလွဲပြီး ကျန် ၅၇ ဦးကို ဖျောင်းဖျရာမှ
စစ်ကိုင်းသို့ ပြန်ရန် သဘောတူလက်ခံကြသူများဖြစ်ကြသည်ဟု ဥတ္တရသီရိခရိုင်အုပ်ချုပ်ရေးမှူး
ဦးအေးသောင်း က မေလ ၁၉ ရက်နေ့တွင် မြန်မာတိုင်း(မ်)ကို ပြောသည်။
“ညက တပ်ကုန်းရဲစခန်းမှာ ထိန်းထားတာ ရ၁ ယောက်ရှိပါတယ်၊ အဲဒီထဲက ခေါင်းဆောင်
၁၄ ယောက်က လွဲလို့ ကျန်တဲ့ ၅၇ယောက်ကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်တင့်နဲ့
ဒီက မြို့မိမြို့ဖတွေ အားလုံးဝိုင်းပြီး တော့ ဖျောင်းဖျပါတယ်၊ စစ်ကိုင်းကို ပြန်ဖို့ ဖျောင်းဖျတာ၊ ဖျောင်းဖျတဲ့
အခါမှာတော့ ကျား ဆယ်ဦး၊ မ ဆယ်ဦးကတော့ လက်ခံပါတယ်၊ ဒါကြောင့် သူတို့ကို ဒီနေ့မနက်
နှစ်နာရီမှာ တပ်ကုန်းကနေ အဲကွန်းမှန်လုံကားတစ်စီးနဲ့ တပ်ကုန်းထွေအုပ်က ဒုတိယဦးစီးမှူးအရာရှိ
တစ်ယောက်ခေါင်းဆောင်ပြီးတော့ စစ်ကိုင်းကို လိုက်ပို့လိုက်ပါတယ်၊ ဒီနေ့မနက် ဆယ်နာရီက
စစ်ကိုင်းစက်မှုဇုန် အစည်းအဝေးခန်းမမှာ စစ်ကိုင်းက မြို့နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်ရဲတပ်ဖွဲ့မှူး၊
အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၊ စက်မှုဇုန်ကော်မတီ ဥက္ကဋ္ဌတို့အရှေ့မှာ အလုပ်သမား
အယောက် ၂၀ ကို ပြန်အပ်လိုက်ပါပြီ ” ဟု ၄င်းက ပြောကြားသည်။
ကျန်ရှိသည့် ခေါင်းဆောင် ၃၇ ဦးမှာ ၄င်းတို့ ဆန္ဒအရ တရားစွဲဆိုခံမည်ဟုဆိုကာ မေလ ၁၉ ရက်နေ့၊
နံနက်ပိုင်းတွင် တပ်ကုန်းမြို့နယ် တရားရုံးတွင် ယမန်ယူပြီး ရမည်းသင်းထောင်သို့ ပို့ဆောင်ထားသည်။
“ကျန်တဲ့အဖွဲ့ကတော့ တရားစွဲခံမယ်ဆိုလို့ တပ်ကုန်းရဲစခန်းကနေ ရမည်းသင်းထောင်ကို ဒီနေ့မနက်ပဲ
ပို့လိုက်ပြီ၊ အဲဒီအဖွဲ့တွေကို ပြစ်မှုဆိုင်ရာပုဒ်မ ၁၄၃၊ ၁၄၆ နဲ့ တရားစွဲထားတယ်၊ နောက်ခေါင်းဆောင်
တွေကိုတော့ ပုဒ်မ ၅၀၅(ခ) တပ်ပြီး စွဲလိုက်တယ်” ဟု ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးသောင်းက
ပြောသည်။
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမအဖွဲ့က ကိုအောင်မှိုင်းဆန်းတို့အဖွဲ့ကလည်း ယနေ့(မေ ၁၉)၊
နံနက်ပိုင်းက တပ်ကုန်းမြို့နယ် ရဲစခန်းအရှေ့တွင် လာရောက်စောင့်ကြည့်နေသည်ကို တွေ့လိုက်ရသည်
ဟုလည်း ၄င်းက ဆိုသည်။
“သူတို့ကို ဒီနေ့(မေ ၁၉)မနက်ကပဲ တပ်ကုန်းရဲစခန်းအရှေ့မှာ တွေ့လိုက်တယ်၊
အေးအေးဆေးဆေးပါပဲ” ဟု ဦးအေးသောင်းက မြန်မာတိုင်း(မ်)ကို ပြောသည်။
ယခုတရားစွဲဆိုထားသည့် ဆန္ဒပြစက်ရုံအလုပ်သမားများတွင် ပါ၀င်သည့် ဗမာနိုင်ငံလုံးဆိုင်ရာ
ကျောင်းသားများ သမဂ္ဂအဖွဲ့က အရေးမကြီးသည့် အဖွဲ့ဝင်အချို့ကို တရားမစွဲဘဲ သွေးထိုးမြှောက်ပင့်
ပေးသူအချို့ကိုသာ တရားစွဲဆိုခြင်းဖြစ်သည်ဟု ၄င်းက ဖွင့်ဟပြောဆိုသည်။
ရဲနှင့် ရုန်းရင်းဆန်ခတ်ဖြစ်ပွားခြင်းကြောင့် မူးမေ့မှုများဖြစ်ပေါ်ခဲ့သည့် ဆန္ဒပြစက်ရုံလုပ်သား
လေးဦးလည်း သက်သာပျောက်ကင်းသွားပြီဖြစ်သည့်အတွက် ထိုနေ့ညပိုင်းကပင် တပ်ကုန်းမြို့နယ်
ပြည်သူ့ဆေးရုံက ဆင်းသွားပြီဖြစ်သည်။
“မနေ့(မေ ၁၈)က လေးယောက် ဆေးရုံတင်ထားတယ်၊ အားလုံးက ခေါင်းမူးတာကြောင့်ပါပဲ၊
မစိုးရိမ်ရပါဘူး၊ အခုဆေးရုံမှာ တစ်ယောက်မှ မရှိတော့ပါဘူး၊ ညကပဲအားလုံးဆင်းသွားကြပါပြီ၊
ဆေးရုံက ဆရာဝန်ကြီးလည်း အတည်ပြုပြီးပါပြီ” ဟု ဦးအေးသောင်းက ပြောသည်။
ဖမ်းဆီးအရေးယူထားသော်လည်း အလုပ်သမားများအရေးကိစ္စနှင့် ပတ်သတ်ပြီး မပြီးသေးကြောင်း၊
ထို့ကြောင့် မေလ ၁၈ ရက်နေ့က အသေးစိတ်ဆွေးနွေးခဲ့ခြင်းဖြစ်ပြီး အလုပ်သမားများဘက်က
တရားလွှတ်တော်တွင် စာချွန်လွှာတင်ရမည်ဖြစ်ကြောင်း၊ ထိုစာချွန်လွှာကို အလုပ်သမား ၁၂၈ ဦးက
ကိုယ်စားလှယ်ပါ၀ါပေးရမည်ဖြစ်ကြောင်း၊ ထို့နောက် ၄င်းတို့က တရားလွှတ်တော်တွင်
ပါ၀ါတင်ရမည်ကြောင်းနှင့် ထိုမှသာ တရားလွှတ်တော်က စာချွန်လွှာအမိန့်ကို စစ်ဆေးဆောင်ရွက်
ရမည်ဖြစ်ကြောင်း ဥတ္တရသီရိခရိုင် အုပ်ချုပ်ရေးမှူးဦးအေးသောင်းက ဆိုသည်။
“ဒါကတစ်ပိုင်း၊ နောက်တစ်ပိုင်းက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အပိုင်းက မနေ့ကတုန်းက
သူတို့စာတင်လိုက်ပြီ၊ တင်လိုက်တဲ့အတွက် ပြည်သူ့လွှတ်တော်က ဒီကိစ္စကို စုံစမ်းစစ်ဆေးကြားနာမှု
လုပ်ပေးမယ်၊ အမျှတဆုံးဖြစ်အောင် လုပ်ပေးမယ်လေ၊ ဒီစက်ရုံ တစ်ရုံတည်းကိစ္စမှ မဟုတ်တာ၊
တစ်ပြည်လုံးနဲ့ ပတ်သက်တဲ့ စက်ရုံတွေ၊ အလုပ်သမားပေါင်းမြောက်မြားစွာကိစ္စလေ၊ အစိုးရဘက်က
အလုပ်သမားတွေကို ကြည့်ရမယ်၊ တပ်ကုန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဦးကျော်တင့်တို့အဖွဲ့က ဒါကို ဆက်လုပ်မယ်” ၄င်းက ပြောသည်။
















