ရဲများနှင့် မေ ၁၈ ရက်က ရုန်းရင်းဆန်ခတ် ဖြစ်ပေါ်ခဲ့ပြီးနောက် ဖမ်းဆီးခံခဲ့ရသည့် လမ်းလျှောက်
ဆန္ဒပြအလုပ်သမား ရ၁ ဦး အနက် ၂ဝ ဦးကို စစ်ကိုင်းမြို့ရှိ သက်ဆိုင်ရာ တာဝန်ရှိသူများထံ
မေ ၁၉ ရက် နံနက်ပိုင်းတွင် ပြန်လည်အပ်နှံလိုက်သည်။
၄င်းတို့မှာ အဖမ်းခံရသည့် အလုပ်သမား ခေါင်းဆောင်နှင့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ
သမဂ္ဂအဖွဲ့မှ ဝန်းရံသူ ၁၄ ဦးမှလွဲ၍ ကျန် ၅၇ ဦးကို ညှိနှိုင်းရာမှ စစ်ကိုင်းသို့ ပြန်ရန် သဘောတူ
လက်ခံကြသူများဖြစ်သည်ဟု ဥတ္တရသီရိခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးသောင်းက မေ ၁၉ ရက်တွင်
ပြောသည်။
''သူတို့ကို ဒီနေ့မနက် ၂ နာရီမှာ တပ်ကုန်းကနေ အဲကွန်းမှန်လုံကားတစ်စီးနဲ့ တပ်ကုန်းထွေအုပ်က
ဒုတိယဦးစီးမှူး အရာရှိတစ်ယောက်ခေါင်းဆောင်ပြီးတော့ စစ်ကိုင်းကို လိုက်ပို့လိုက်ပါတယ်၊
ဒီနေ့ မနက် ၁ဝ နာရီက စစ်ကိုင်းစက်မှုဇုန် အစည်းအဝေးခန်းမမှာ စစ်ကိုင်းက မြို့နယ်အုပ်ချုပ်ရေးမှူး၊
ခရိုင်ရဲတပ်ဖွဲ့မှူး၊ အလုပ်သမား ညွှန်ကြားမှုဦးစီးဌာန၊ စက်မှုဇုန်ကော်မတီ ဥက္ကဋ္ဌတို့အရှေ့မှာ
အလုပ်သမား အယောက် ၂ဝ ကို ပြန်အပ်လိုက်ပါပြီ''ဟု ၄င်းက ပြောကြားသည်။
ကျန်ရှိသည့် ခေါင်းဆောင် ၃၇ ဦးမှာ ၄င်းတို့ဆန္ဒအရ တရားစွဲဆိုခံမည်ဟုဆိုကာ မေ ၁၉ ရက်၊
နံနက်ပိုင်းတွင် တပ်ကုန်း မြို့နယ်တရားရုံးတွင် ရမန်ယူပြီး ရမည်းသင်းထောင်သို့ ပို့ဆောင်
ထားသည်။
''အဲဒီအဖွဲ့တွေကို ပြစ်မှုဆိုင်ရာပုဒ်မ ၁၄၃၊ ၁၄၆ နဲ့ တရားစွဲထားတယ်၊ နောက် ခေါင်းဆောင်တွေကိုတော့
ပုဒ်မ ၅ဝ၅(ခ) တပ်ပြီး စွဲလိုက်တယ်'' ဟု ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးသောင်းက ပြောသည်။
ရဲနှင့် ရုန်းရင်းဆန်ခတ်ဖြစ်ပွားခြင်းကြောင့် မူးမေ့ခဲ့သည့် ဆန္ဒပြစက်ရုံအလုပ်သမားလေးဦးလည်း
သက်သာပျောက်ကင်းသွားပြီ ဖြစ်သည့်အတွက် ထိုနေ့ညပိုင်းကပင် တပ်ကုန်းမြို့နယ်ပြည်သူ့ဆေးရုံက
ဆင်းသွားပြီဖြစ်သည်။
''မေ ၁၈ ရက်က လေးယောက် ဆေးရုံတင်ထားတယ်၊ အားလုံးက ခေါင်းမူးတာကြောင့်ပါပဲ၊
မစိုးရိမ်ရပါဘူး၊ အခုဆေးရုံမှာ တစ်ယောက်မှ မရှိတော့ပါဘူး၊ ညကပဲ အားလုံးဆင်းသွားကြပါပြီ၊
ဆေးရုံက ဆရာဝန်ကြီးလည်း အတည်ပြုပြီးပါပြီ'' ဟု ဦးအေးသောင်းက ပြောသည်။
မေ ၁၈ ရက်တွင် အသေးစိတ်ဆွေးနွေးခဲ့ပြီး အလုပ်သမားများဘက်က တရားလွှတ်တော်တွင်
စာချွန်လွှာတင်ရမည်ဖြစ်ကြောင်း၊ ထိုစာချွန်လွှာကို အလုပ်သမား ၁၂၈ ဦးက ကိုယ်စားလှယ်
ပါဝါပေးရမည်ဖြစ်ကြောင်း၊ ထို့နောက် ၄င်းတို့က တရားလွှတ်တော်တွင် ပါဝါတင်ရမည်ဖြစ်ကြောင်းနှင့်
သို့မှသာ တရားလွှတ်တော်က စာချွန်လွှာအမိန့်ကို စစ်ဆေးဆောင်ရွက်ရမည်ဖြစ်ကြောင်း
ဥတ္တရသီရိခရိုင် အုပ်ချုပ်ရေးမှူး ဦးအေးသောင်းက ဆိုသည်။

















