ပြည်သူ့လွှတ်တော်က တရားစီရင်ရေးမဏ္ဍိုင်နှင့် ညှိနှိုင်းဆောင်ရွက်နိုင်ရန်အတွက် အဖွဲ့ဝင် ၁၅ ဦး
ပါဝင်သော တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီကို မေ ၁၉ ရက်တွင် ဖွဲ့စည်းလိုက်သည်။
တရားစီရင်ရေးမဏ္ဍိုင်အတွင်းဥပဒေ နှင့်အညီ တရားစီရင်ရေး၊ တရားရုံးအဆင့် ဆင့်တွင်
သက်ဆိုင်သူများ၏ ရပိုင်ခွင့်များကို ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီရရှိနိုင်ရေးအတွက်
ကော်မတီက ညှိနှိုင်းဆောင်ရွက် ရန်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က
ကော်မတီဖွဲ့စည်းရန် တင်ပြခဲ့သည့် မေ ၁၈ ရက်တွင် ပြောကြားသည်။
ကော်မတီသည် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဖြစ်ပြီး ကော်မတီသက်တမ်းသည် စတင်
ဖွဲ့စည်းသည့်နေ့မှ တစ်နှစ်တိတိ ဖြစ်သော်လည်း လုပ်ငန်းဆောင်ရွက်မှုများအပေါ် မူတည်ပြီး
တစ်နှစ်ပြည့်လျှင် သက်တမ်းတိုး နိုင်ကြောင်း၊ ကော်မတီဝင်များကိုလည်း အစားထိုး
လဲလှယ်နိုင်ကြောင်း ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်က ပြောသည်။
ကော်မတီ၏ လုပ်ငန်းတာဝန်များအဖြစ် တရားရေးမဏ္ဍိုင်နှင့် ညှိနှိုင်းဆောင်ရွက်ရန်အပြင် ဖွဲ့စည်းပုံ
အခြေခံဥပဒေပါပြဋ္ဌာန်းချက် များနှင့်အညီ တန်းတူညီမျှမှုအခွင့်အရေး၊ လွတ်လပ်မှုအခွင့်အရေး၊
တရားမျှတမှုအခွင့် အရေးတို့ကို နိုင်ငံသားတိုင်း ခံစားနိုင်ရေးအတွက် ကူညီအားပေးရန်၊
နိုင်င့ံဝန်ထမ်းများ၏ အခွင့်အရေးများ မှန်ကန်စွာရရှိရေးအတွက် စိစစ်ကူညီဆောင်ရွက်ပေးရန်၊
ကျင့်သုံးလျက်ရှိသော ဥပဒေများကို လေ့လာစိစစ်ပြီး ပယ်ဖျက်ရန်၊ ပြင်ဆင်ရန်၊ အသစ်ပြဋ္ဌာန်းရန်များ
ရှိလာပါက လွှတ်တော်သို့တင်ပြရန်၊ ဌာနအဖွဲ့အစည်းများက ထုတ်ပြန်သော နည်းဥပဒေ၊ စည်းမျဉ်း၊
စည်းကမ်း၊ အမိန့်ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို တည်ဆဲဥပဒေများနှင့် ညီညွတ်မှုရှိမရှိ
စောင့်ထိန်း ကူညီရန်၊ ပြည်သူတို့၏ တိုင်ကြားစာ၊ အသနားခံစာ၊ တင်ပြချက်များကိုစိစစ်ပြီး
လွှတ်တော်သို့ အစီရင်ခံတင်ပြရန်တို့ဖြစ်သည်။
ကော်မတီ၏ လုပ်ပိုင်ခွင့်များအဖြစ် ကော်မတီသည် ပြည်ထောင်စုအစိုးရအဖွဲ့ အပါအဝင်
ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများနှင့် တိုက်ရိုက်ဆက်သွယ်ပြီး ဖြေကြားနိုင်သည့်တာဝန်ရှိ
ပုဂ္ဂိုလ်များအားလည်းကောင်း၊ လုပ်ငန်းနှင့်ဆက်စပ်ပြီး သိရှိနားလည်သည်ဟု ယူဆရသူများအား
လည်းကောင်း ဖိတ်ကြားကာ ကြားနာခြင်း၊ မေးမြန်းဆွေးနွေးခြင်းနှင့် လိုအပ်သည့်
အထောက်အထားများ တင်ပြစေခြင်းတို့ကိုဆောင်ရွက်နိုင်မည်ဖြစ်သည်။
ပြီးခဲ့သည့် ပထမအကြိမ်ပြည်သူ့ လွှတ်တော်တွင် ယင်းကော်မတီကို ဖွဲ့စည်းခဲ့ပြီး လက်ရှိ
သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင် ကိုက ဥက္ကဋ္ဌအဖြစ်
ဆောင်ရွက်ခဲ့သည်။
လက်ရှိကော်မတီကို ဥက္ကဋ္ဌအဖြစ်ဦးခင် မောင်ဝင်းက ဆောင်ရွက်မည်ဖြစ်ပြီး အတွင်းရေးမှူးအဖြစ်
နတ်မောက်မြို့နယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်တင် လင်းက
ဆောင်ရွက်မည်ဖြစ်သည်။
















