မြန်မာနိုင်ငံရှိ ရေပေါ်ရေအောက်၊ မြေပေါ်မြေအောက် သယံဇာတများအား ဥပဒေနှင့်အညီ
ထိန်းသိမ်းသွားနိုင်ရန် အချက်အလက်များ ကောက်ယူသွားမည်ဟု အမျိုးသားလွှတ်တော်
သတ္တုသယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးကျော်သီဟက
မေလ ၂၆ ရက်နေ့တွင် လွှတ်တော်အစည်းအဝေးအပြီး ပြောကြားလိုက်သည်။
သတ္တုသယံဇာတအပြင် သဘာဝပတ်ဝန်းကျင်နှင့် စပ်လျဉ်းသည့် အချက်အလက်များကို
အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ၏ မဲဆန္ဒနယ်များတွင် ကောက်ယူသွားမည်ဟု
၎င်းက ဆိုသည်။
"ကျောက်မီးသွေး သတ္တုတွင်းတွေ၊ ကျောက်မီးသွေးသုံး စက်ရုံတွေ၊ အလုပ်ရုံတွေရဲ့ စာရင်းလိုချင်တယ်။
ကျောက်မျက်ရတနာ ရွှေ၊ ခဲမဖြူ ၊ အဖြိုက်နက် တူးဖော်တဲ့ ကုမ္ပဏီအသင်းအဖွဲ့ စာရင်း လိုချင်တယ်။
အဲဒီတော့ ရေနံသဘာဝဓာတ်ငွေ့ ကုမ္ပဏီသစ်အခြေစိုက် သစ်တောထွက်ပစ္စည်း နိုင်ငံခြား
ရင်းနှီးမြှပ်နှ့ံတဲ့ ကုမ္ပဏီအစုဖွဲ့ပိုင် သစ်တောစာရင်း အဲဒါတွေကိုကောက်ခွင့်ပေးပါလို့ ဥက္ကဌဆီကို
တောင်းမလို့ တိုင်ပင်တာ" ဟု ဦးကျော်သီဟက ပြောသည်။
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌထံမှ ခွင့်ပြုချက်ရရှိပါက သက်ဆိုင်ရာ မဲဆန္ဒနယ်၏
လွှတ်တော်ကိုယ်စားလှယ်များက အဆိုပါ အချက်အလက်များအား ကောက်ယူ
စုဆောင်းသွားရမည်ဟုလည်း ၎င်းက ဆိုသည်။
လက်ရှိတွင် အချက်အလက်များ ကောက်ယူရန်အတွက် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များထံ
မေလ ၂၆ ရက်နေ့တွင် အကြံပြုစာများ ဖြန့်ဝေပေးထားကြောင်း။ ထိုအကြံပြုစာများ ပြန်လည်ရရှိပါက
အချက်အလက်များကောက်ယူရေး စတင်ဆောင်ရွက်နိုင်ရန် လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြတောင်းဆို
သွားမည်ဟု ဦးကျော်သီဟက ပြောသည်။
အဆိုပါ ဖြန့်ဝေထားသည့် အကြံပြုစာတွင် သက်ဆိုင်ရာ မဲဆန္ဒနယ်များ အတွင်းတည်ရှိသော
ကျောက်မီးသွေးနှင့် ထုတ်လုပ်သောစက်ရုံ၊ အလုပ်ရုံများစာရင်း၊ ကျောက်မျက် ရတနာရွှေ၊ သတ္တု၊
ခဲမဖြူ၊ အဖြိုက်နက်၊ နီကယ်၊ ကြေးနီ၊ တူးဖော်သည့်ကုမ္ပဏီများ၊ အသင်းဖွဲ့များ၏ စာရင်း၊
စက်ရုံအလုပ်ရုံကုမ္ပဏီအသင်းဖွဲ့များအနေဖြင့် အစိုးရဌာနများတွင် မှတ်ပုံတင်ထားရှိသည့်စာရင်းနှင့်
မှတ်ပုံတင်ထားခြင်းမရှိသည့် စာရင်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့စက်ရုံများစာရင်း၊ သစ်အခြေခံ
စက်မှုလုပ်ငန်းများစာရင်း၊ သစ်တောထွက်ပစ္စည်းလုုပ်ငန်းရှင်များစာရင်း၊ နိုင်ငံခြားမှရင်းနှီးမြှပ်နှံသည့်
ကုမ္ပဏီများစာရင်း၊ အစုအဖွဲ့ပိုင် စိုက်ခင်းများစာရင်းစသည့် အချက်အလက်များ ကောက်ယူသွားရန်
စီစဉ်နေသည်ဟု ၎င်းက ထပ်မံဆိုသည်။
"အခုလိုလုပ်တာက အရင်ကထက်စာရင် ပွင့်လင်းမြင်သာမှု ရှိလာလိမ့်မယ်လို့ ယုံကြည်တယ်။
ဘာကြောင့်လဲဆိုတော့ ပြည်သူအခြေပြုလုပ်တာဖြစ်လို့ပါ။ အရင်ကဆိုရင် လူတစ်စုတွေအတွက်ပဲ
ဖြစ်လာတယ်လေ။ အဲဒီတုန်းက ဝန်ထမ်းတွေက ကိုင်တွယ်ဆောင်ရွက်ရတဲ့အတွက်ကြောင့် သူတို့ရဲ့
ခက်ခဲ့မှုတွေကအစ ထည့်သွင်းစဉ်းစားရမယ့် အပိုင်းတွေလည်း ရှိတယ်လေ။ အခု
ဥပဒေအသစ်မှာတော့ အားလုံးနဲ့ သဟဇာတဖြစ်အောင် ကျွန်မတို့တွေက လုပ်ဆောင်သွားမှာပါ" ဟု
ချင်းပြည်နယ်မဲဆန္ဒနယ်အမှတ်(၇)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ကျိန်ငိုက်မန်က
မေလ ၂၆ ရက်နေ့တွင် မြန်မာတိုင်း(မ်) ကို ပြောသည်။
သတ္တုသယံဇာတ အချက်အလက်များ ကောက်ယူရေးကို အချိန်ကန့်သတ်ချက် မရှိဘဲ
အမြန်ဆုံးဆောင်ရွက်သွားမည်ဟု သိရသည်။
















