တရားမဝင်မော်တော်ယာဉ်များကို တရားဝင်လိုင်စင်ပြုလုပ်ပေးရန် အစီအစဉ်မရှိ

တရားမဝင်မော်တော်ယာဉ်များကို တရားဝင်လိုင်စင်ပြုလုပ်ပေးရန် အစီအစဉ်မရှိ

မြန်မာနိုင်ငံအတွင်းရှိ တရားမဝင် မော်တော်ယာဉ်များကို တရားဝင်လိုင်စင် ရရှိရေး
ဆောင်ရွက်ပေးသွားရန် အစီအစဉ်မရှိဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊
ပြည်ထောင်စုဝန်ကြီး ဦးသန်း့စင်မောင်က မေလ ၂၇ ရက်နေ့တွင် ပြောကြားလိုက်သည်။

နယ်စပ်မြို့များမှတဆင့် နိုင်ငံတွင်းသို့ ၀င်ရောက်လာပြီး၊ ပြည်သူများဝယ်ယူအသုံးပြုနေကြသော
တရားမဝင်မော်တော်ယာဉ်များနှင့် ပတ်သတ်၍ “တရားမဝင် မော်တော်ယာဉ်များနဲ့ စပ်လျဉ်းပြီး
တရားဝင်လိုင်စင် ရရှိအောင် ဆောင်ရွက်ပေးဖို့ အစီအစဉ်မရှိပါ ” ဟု အဆိုပါနေ့က ကျင်းပသည့်
အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ၄င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

ကရင်ပြည်နယ်၊ မဲဆန္ဒနယ်အမှတ်(၅)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းသန်းနိုင်၏
ပြည်သူအချို့ ၀ယ်ယူပိုင်ဆိုင်ထားသော တရားမဝင်လိုင်စင်မဲ့ မော်တော်ယာဉ်များအား သင့်တော်သည့်
နည်းလမ်း တစ်မျိုးမျိုးဖြင့် တရားဝင်လိုင်စင်ရရှိရန် ဆောင်ရွက်ပေးနိုင်ခြင်းရှိ၊ မရှိမေးခွန်းကို
ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

မော်တော်ယာဉ်တင်သွင်းမှု ပုံစံမှာ နှစ်မျိုးသာရှိပြီး သင်္ဘောဖြင့် သယ်ယူလျှက် ဆိပ်ကမ်းမှ
တင်သွင်းခြင်းနှင့် နယ်စပ်ဝင်ပေါက်များမှ ကုန်းလမ်းဖြင့် တင်သွင်းခြင်းဖြစ်ပြီး ၂၀၁၁ ခုနှစ်၊
စက်တင်ဘာလမှ ၂၀၁၆ ခုနှစ် ဧပြီလအထိ ငါးနှစ်တာကာလအတွင်း ကနဦးမှတ်ပုံတင်
ထုတ်ပေးခဲ့သည့် ယာဉ်အစီးရေပေါင်း ၆၅၉၆၄၈ စီး ရှိပြီဖြစ်သည်ဟု ဦးသန့်စင်မောင်က ဆိုသည်။

နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအစိုးရ လက်ထက်၂၀၁၀ ခုနှစ်၊
ဇွန်လ ၃၀ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ကုန်သွယ်မှုမူဝါဒ ကောင်စီအစည်းအဝေး
အမှတ်စဉ် ၂၀/၂၀၁၀ မှ ယာဉ်ကာလတန်ဖိုး၏ ၈၅ ရာခိုင်နှုန်းကို ပေးဆောင်စေပြီး
တရားဝင်ယာဉ်အဖြစ် မှတ်ပုံတင်ဆောင်ရွက်ပေးခဲ့သည်ဟု ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

တရားဝင်တင်သွင်းသည့် ကားများကို တရားဝင် ကနဦးယာဉ် မှတ်ပုံတင်ခြင်း လုပ်ငန်းများ
ဆောင်ရွက်ရာတွင် စီးပွားရေး၊ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ
ထုတ်ပေးသော သွင်းကုန်လိုင်စင် မူရင်းတင်ပြခြင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊
အကောက်ခွန်ဦးစီးဌာနမှ သွင်းကုန်ကြေညာလွှာ၊ အကောက်ခွန်ဖော်ပြချက် စာရွက်စာတမ်း
မူရင်းတို့အား ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန သို့တင်ပြလျှင် ကနဦးမှတ်တင် ရရှိမည်
ဖြစ်သည်ဟု ပြည်ထောင်စုဝန်ကြီးက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး