မြန်မာနိုင်ငံရှိ ရေပေါ်ရေအောက် မြေပေါ် မြေအောက် သယံဇာတများကို ဥပဒေနှင့် အညီ
ထိန်းသိမ်းသွားနိုင်ရန် အချက်အလက်များ ကောက်ယူသွားမည်ဟု အမျိုးသားလွှတ်တော်
သတ္တုသယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးကျော်သီဟက
မေ ၂၆ ရက် လွှတ်တော်အစည်းအဝေး အပြီးတွင် ပြောကြားလိုက်သည်။
သတ္တုသယံဇာတအပြင် သဘာဝပတ် ၀န်းကျင်နှင့် စပ်လျဉ်းသည့် အချက်အလက်များကို
အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ၏ မဲဆန္ဒနယ်များတွင် ကောက်ယူသွားမည်ဟု
၎င်းက ပြောသည်။
"ကျောက်မီးသွေး သတ္တုတွင်းတွေ၊ ကျောက်မီးသွေးသုံး စက်ရုံတွေ၊ အလုပ်ရုံတွေရဲ့ စာရင်းလိုချင်တယ်။
ကျောက်မျက် ရတနာ ရွှေ၊ ခဲမဖြူ၊ အဖြိုက်နက် တူးဖော်တဲ့ ကုမ္ပဏီအသင်းအဖွဲ့ စာရင်းလိုချင်တယ်။
အဲဒီတော့ ရေနံသဘာဝဓာတ်ငွေ့ကုမ္ပဏီသစ်အခြေစိုက် သစ်တောထွက်ပစ္စည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံတဲ့
ကုမ္ပဏီအစုဖွဲ့ပိုင် သစ်တောစာရင်း အဲဒါတွေကိုကောက်ခွင့် ပေးပါလို့ ဥက္ကဋ္ဌဆီကိုတောင်းမလို့
တိုင်ပင်တာပါ"ဟု ဦးကျော်သီဟက ပြောသည်။
လက်ရှိတွင် အချက်အလက်များ ကောက်ယူရန်အတွက် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များထံ
မေ ၂၆ ရက် တွင် အကြံပြုစာများ ဖြန့်ဝေပေးထားကြောင်း၊ ထိုအကြံပြုစာများ ပြန်လည်ရရှိပါက
အချက်အလက်များ ကောက်ယူရေး စတင်ဆောင်ရွက်နိုင်ရန် လွှတ်တော် ဥက္ကဋ္ဌထံ တင်ပြ
တောင်းဆိုသွားမည်ဟု ၎င်းက ပြောသည်။
"အခုလိုလုပ်တာက အရင်ကထက်စာရင် ပွင့်လင်းမြင်သာမှု ရှိလာလိမ့်မယ်လို့ ယုံကြည်တယ်။
ဘာကြောင့်လဲဆိုတော့ ပြည်သူ အခြေပြုလုပ်တာဖြစ်လို့ပါ။ အခု ဥပဒေအသစ်မှာတော့ အားလုံးနဲ့
သဟဇာတဖြစ်အောင် ကျွန်မတို့တွေက လုပ်ဆောင်သွားမှာပါ"ဟု ချင်းပြည်နယ်
မဲဆန္ဒနယ်အမှတ်(၇)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ကျိန်ငိုက်မန်က မေ ၂၆ ရက်တွင်
ပြောသည်။
သတ္တုသယံဇာတ အချက်အလက်များ ကောက်ယူရေးကို အချိန်ကန့်သတ်ချက်မရှိဘဲ
အမြန်ဆုံးဆောင်ရွက်သွားမည်ဟု ဆိုသည်။
















